ရန်ကုန် ၂၈ ဧပြီ
ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေသည့်ကာလအတွင်း ကျန်းမာရေးစောင့်ရှောက်မှုများပေးနေသည့် ကျန်းမာရေးဝန်ထမ်းများနှင့် လူနာတင်ယာဉ်များ၊ အများပြည်သူ သွားလာရေးအတွက် ပြေးဆွဲပေးနေသည့် အငှားယာဉ်များအတွက် Max Enengy က အထူးအစီအစဉ်ပြုလုပ်ပေးထားပြီး စျေးနှုန်းများ လျှော့ချရောင်းချပေးလျက်ရှိသည်။
Max Energy သည် COVID-19 ရောဂါ ကာကွယ်၊ ကုသရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ပေးနေသည့် ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ သွားလာရေးအဆင်ပြေစေရန်နှင့် အများပြည်သူ သွားလာရေးကို ပို့ဆောင်ပေးနေသည့် အငှားယာဉ်များ အဆင်ပြေစေရန် အထူးစျေးနှုန်းများဖြင့် ရောင်းချပေးခြင်းဖြစ်သည်။ Max Energy သည် Octane 92 RON ကို တစ်လီတာ ကျပ် ၂၅၀၊ Octane 95 RON ကို တစ်လီတာ ကျပ် ၃၀၀၊ Diesel ကို တစ်လီတာ ကျပ် ၃၀၀ ဖြင့် မြန်မာနိုင်ငံအနှံ့အပြားရှိ ဆိုင်အားလုံးတွင် ရောင်းချပေးနေခြင်းဖြစ်ပြီး အထူးအစီအစဉ်ဖြင့် စတင်ရောင်းချသည့် ဧပြီ ၈ ရက်မှ ဧပြီ ၂၈ ရက်အထိ လီတာပေါင်း (၂၆၀၀၀၀၀) ကျော် ရောင်းချထားပြီး၊ စျေးနှုန်းလျှော့ချရောင်းချပေးမှု စုစုပေါင်းမှာ ကျပ်သိန်းပေါင်း ၁၅၀၀ ဝန်းကျင်ရှိကြောင်း သိရသည်။
“အခုလိုအချိန်က ရောဂါပြန့်ပွားမှုမဖြစ်အောင် အိမ်မှာနေတာ အသင့်တော်ဆုံးဖြစ်ပေမယ့် မဖြစ်မနေ အပြင်သွားလာနေရတဲ့သူတွေ၊ အလုပ်လုပ်နေရတဲ့သူတွေ ရှိပါတယ်။ Max Energy က အခုလိုစီစဉ်ပေးတာ တော်တော်ကောင်းပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေဆိုရင်လည်း ရောဂါသက်သာပျောက်ကင်းအောင် ဆောင်ရွက်ပေးနေတဲ့သူတွေဖြစ်သလို အငှားယာဉ်မောင်းတွေကလည်း အများပြည်သူ သွားလာရ အဆင်ပြေအောင် ပြေးဆွဲပေးနေတာဖြစ်ပါတယ်။ ခရီးသည်နည်းပါးတဲ့အချိန်မှာ အခုလိုစီစဉ်ပေးတာ အရမ်းကောင်းမွန်ပါတယ်။ ကျွန်တော်တို့လည်း ပြေးဆွဲရတာ အဆင်ပြေတာပေါ့”ဟု အငှားယာဉ်မောင်းတစ်ဦးက ဖြေကြားသည်။
သတင်း-ဖိုးသော်ဇင်
ဓာတ်ပုံ-ကိုမိုး


