ဟိုင်းကြီးကျွန်း ၂၈ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းမြို့ရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် နေထိုင်ကြသော ဒေသခံများအား မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက အန္တရာယ်ကင်းစွာ အချိန်မီပြောင်းရွှေ့ နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများကို စတင်လုပ်ဆောင်နေပြီဖြစ်ကြောင်း မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက သိရှိရသည်။
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ “ယခုလ ၂၇ ရက်ညနေ ၄ နာရီခွဲအချိန် တိုင်းတာချက်များအရ ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် (နောက် ၂၇ နာရီအတွင်း) ဧပြီ ၃၀ ရက်ခန့်တွင် လေဖိအားနည်း ရပ်ဝန်းတစ်ခုဖြစ်ပေါ်နိုင်ပြီး ပိုမိုအားကောင်းလာကာ (နောက် နာရီ ၁၂၀ အတွင်း) မေ ၂ ရက်ခန့်တွင် မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်သည်” ဟု ခန့်မှန်းချက်များအရ သတင်းထုတ်ပြန်မှုများ ထွက်ရှိလာပြီးနောက်ပိုင်းတွင် ဟိုင်းကြီးကျွန်းမြို့ အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာနက မုန်တိုင်းဘေးအန္တရာယ် ကျရောက်လာပါက ဒေသခံများကို အန္တရာယ်ကင်းစွာ အချိန်မီပြောင်းရွှေ့ နေရာချထားနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်နိုင်ရန် အစီအမံများ ဆောင်ရွက်ထားနိုင်ရေးအတွက် ဒေသတွင်းရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့များသို့ ယခုလ ၂၈ ရက် နေ့ညနေပိုင်းကစတင်ကာ နှိုးဆော်ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း သိရှိရသည်။
“မုန်တိုင်းသတင်း ကြေညာထားတာနဲ့ ပတ်သက်ပြီးတော့ အဓိကက ပင်လယ်ကမ်းခြေဒေသတွေမှာရှိတဲ့ ရွာတွေက ဒေသခံတွေကို အချိန်မီပြောင်းရွှေ့နိုင်ဖို့နဲ့ ခိုလှုံရာအဆောက်အဦ၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်းတွေကို အချိန်မီပြောင်းရွှေ့နိုင်ဖို့ စီစဉ်ဆောင်ရွက်နေပါတယ်။ မြေပြင်မှာရှိတဲ့လူဦးရေနဲ့ ခိုလှုံနိုင်မယ့်နေရာ စာရင်းတွေကို ပြုစုနေပါပြီ”ဟု ဟိုင်းကြီးကျွန်းမြို့အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ထွန်းက ပြောသည်။
ဟိုင်းကြီးကျွန်းဒေသရှိ ဒေသခံများအနေဖြင့်လည်း ပင်လယ်ဒေသဖြစ်၍ မုန်တိုင်းနှင့်ပတ်သက်သော အတွေ့အကြုံများ ရရှိထားပြီးဖြစ်ရာ နိုင်ငံတော်ကထုတ်ပြန်သည့် မိုးလေဝသသတင်းများနှင့် သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့များ၏ အသိပေးနှိုးဆော်မှုများအပေါ် သတိပြု ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ကျော်သူဟိန်း(ဟိုင်းကြီးကျွန်း)


