နေပြည်တော် ၂၈ ဧပြီ

 

ချင်းပြည်နယ်၊ ပလက်၀ဒေသအတွင်း AA အကြမ်းဖက်သောင်းကျန်းသူများက ဆက်သွယ်ရေးလမ်းကြောင်းများ ဖြတ်တောက်ပိတ်ဆို့ခဲ့မှုကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှု မရှိသဖြင့် ဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေး အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသည်။

 

ထိုသို့ကြုံတွေ့နေသည့်အတွက် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်းများက လှူဒါန်းထားသည့် ဆန်အိတ် ၈၃၀၊ ဆီ ပိဿာ ၂၀၀၊  ကြက်သွန်နီ ပိဿာ ၇၅၀၊ အာလူး ပိဿာ ၃၀၀ နှင့် ဆေးမျိုးစုံ ပါဝင်သော ဆေးပုံး ၁၈ ပုံးတို့ကို ဧပြီ ၁၉ ရက်တွင် လည်းကောင်း၊ နယ်မြေခံ တပ်မတော်သားများနှင့် မိသားစုများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ စားသုံးရန်အတွက် ဆန်အိတ် ၄၀၀၀ ကျော်နှင့် အခြားအမယ်စုံ ရိက္ခာများကို ဧပြီ ၂၄ ရက်တွင်လည်းကောင်း AA အကြမ်းဖက်သောင်းကျန်းသူများက နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ နှောင့်ယှက်မှုများကြားမှ လုံခြုံရေးတပ်ဖွဲ့ဝင်များက မဆုတ်မနစ် ကြိုးပမ်းဆောင်ရွက်ကာ ပလက်၀မြို့သို့အရောက် ပို့ဆောင်ပေးနိုင်ခဲ့ကြောင်း။

 

အလားတူ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တိုက်ပွဲရှောင် ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊  ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့အစည်းများက လှူဒါန်းထားသည့် ဆန်၊ ဆီ၊ ပဲ၊ ဆား ရိက္ခာများအနက် ဧပြီ ၂၆ ရက် နံနက် ၁၁ နာရီ မိနစ် ၅၀ တွင် တပ်မတော် ယာဉ်အစီး ၄၀ ဖြင့် ဆမီးမြို့မှ ပလက်ဝမြို့သို့ သယ်ဆောင်ခဲ့ရာ ယနေ့တွင်  ဆန်အိတ် ၂၀၀၀၊ စားဆီ ပိဿာ ၁၈၀၀၊ ဆား ပိဿာ ၁၈၀၀၊  ကုလားပဲ ပိဿာ  ၃၆၀၀၊ အိမ်သာခွက် / ပိုက် ၃၃ စုံ၊ အဝတ်အစား အိတ် ၅၀၊ ဆပ်ပြာမျိုးစုံ ၁၀ ဖာ၊ ဖိနပ်မျိုးစုံ ၁ အိတ်၊ မာမား ခေါက်ဆွဲ ၃၃ ဖာ နှင့် ၂ ကတ် တို့သည် ပလက်ဝမြို့ နယ်ရှိ နယ်မြေခံတပ်ရင်းသို့ ရောက်ရှိကြောင်း၊ အဆိုပါ ပစ္စည်းများအား နယ်မြေခံတပ်မမှူးက ဧပြီ ၂၉ ရက်တွင် ပလက်ဝမြို့နယ် စီမံခန့်ခွဲမှုကော်မတီဉက္ကဌ ဉီးအောင် လောဟာနှင့် တိုက်ပွဲရှောင် ကူညီရေးကော်မတီတို့ထံ လွဲပြောင်းပြီး  တိုက်ပွဲ ရှောင်ပြည်သူများနှင့် မြို့ပေါ် ၄ ရပ်ကွက်ရှိ ဒေသခံပြည်သူများအား အခမဲ့ ဆက်လက် ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း။

 

ထို့ပြင် ပလက်၀ဒေသရှိ ဒေသခံပြည်သူများအတွက် WFP မှ ထောက်ပံ့ သောရိက္ခာနှင့် အသုံးအဆောင်ပစ္စည်းများကို မတူပီမြို့မှ ပလက်၀မြို့သို့ ပို့ဆောင်ရန် ဧပြီ ၂၅ ရက်တွင် မတူပီမြို့ မှထွက်ခွာခဲ့ပြီး ဆမီးသို့ ရောက်ရှိခဲ့ပြီဖြစ်ကြောင်း၊  ရိက္ခာများကို ပလက်၀မြို့သို့ ဆက်လက်ပို့ဆောင်ရန်အတွက် ရာသီဥတု ဆိုးရွားပြီး မိုးသည်းထန် စွာရွာသွန်းမှုကြောင့် လမ်းပျက်စီးမှုများ ဖြစ်ပေါ်လျက်ရှိပြီး အဆိုပါ ရိက္ခာယာဉ်များ၏ လုံခြုံရေးအတွက်လမ်းလုံခြုံရေး ဆောင်ရွက်ပေးနေသော လုံခြုံရေးတပ်ဖွဲ့ဝင်များအား ဆမီးနှင့် ပလက်၀အကြား၌ AA အကြမ်းဖက် သောင်းကျန်းသူများက ယမန်နေ့ နံနက်ပိုင်းက နှောင့်ယှက်ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း။

 

ပလက်၀မြို့တွင် ရောက်ရှိပြီးဖြစ်သော ရိက္ခာများမှာ ဒေသရှိဒေသခံ ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် လုံလောက်မှုရှိကြောင်းနှင့် ဆမီးတွင် ရောက်ရှိနေသော ရိက္ခာများကို ရာသီဥတုကောင်းမွန်ပါက ပလက်၀မြို့သို့ ဆက်လက် ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဉီးစီးချုပ်ရုံးနှင့် ချင်းပြည်နယ် အစိုးရအဖွဲ့တို့မှ   သတင်းရရှိသည်။ 

 

သတင်းစဉ်