လူတော်တော်များများ သတိပြုမိနေတဲ့အရာပါ။ မိဘတွေဟာလည်း ကလေးတွေကို အာဟာရ မပြည့်ဝတဲ့ မုန့်တွေ (သရေစာ)တွေကို မစားခိုင်းပါဘူး။ ကိုယ်အလေးချိန်တက်လာခြင်းကို ရှောင်ချင်တယ်၏ဆိုရင်လည်း ဒီလိုသရေစာ တွေကို ရှောင်ရပါမယ်။ သရေစာတွေမှာ ကယ်လိုရီပိုလျှံပြီး မကောင်းတဲ့အဆီတွေ၊ ဆိုဒီယမ်ဆားတွေ ပါဝင်သလို အာဟာရပြည့်ဝမှုကလည်း သုညရာခိုင်နှုန်းသာ ရှိပါတယ်။

 

ဒီလိုဆိုးကျိုးတွေရှိမှန်းသိနေပေမဲ့လည်း သရေစာစားသုံးမှုဟာ ကမ္ဘာနဲ့အဝှမ်းမြင့်တက်လျက်ရှိပါတယ်။ ဘာကြောင့်လည်း ဆိုရင်တော့ ဒီအစားအစာတွေဟာ အလွယ်တကူလျင်မြန်စွာရနိုင်သလို ချက်ပြုတ်ဖို့ မလိုပါဘူး။ ဆိုင်တွေမှာ အလွယ်တကူဝယ်ယူနိုင်ပါတယ်။ ဈေးနှုန်းသင့်တင့်သလို အရသာလည်း ရှိပါတယ်။ (သရေစာဆိုတဲ့နေရာမှာ ဟမ်ဘာဂါ၊ ပီဇာ၊ ကြက်ကြော်၊ အသင့်စားမုန့်ထုပ်တွေနဲ့ အစရှိတာတွေ) ပါဝင်ပါတယ်။

 

သရေစာကို မကောင်းမှန်းသိပေမယ့် ဖြတ်ဖို့မလွယ်ကူ လှပါဘူး။ ချက်ချင်းဆိုသလို ဖြတ်လိုက်မယ်ဆိုရင် ခေါင်းကိုက်ခြင်းတွေ၊ အားအင်ကုန်ခန်းခြင်းတွေ၊ မောပန်းခြင်းတွေဖြစ်လာနိုင်တယ်လို့ အာဟာရ ဆရာဝန်တစ်ဦးက ဆိုထားပါတယ်။ ချက်ချင်းမဖြတ်ပစ်ဘဲ ဖြည်းဖြည်းချင်းစီ အကျင့်လုပ် လျှော့စား သင့်ပါတယ်။ အကျိုးရလဒ်ကတော့ သင့်ရဲ့မလိုအပ်တဲ့ ကယ်လ်လိုရီတွေ လျော့ကျသွားပြီး ကိုယ်အလေးချိန် ကျဆင်းသွားမှာပါ။

 

ကိုယ်အလေးချိန်ကျဆင်းမှုရဲ့ နောက်ကွယ်မှာတော့ ကိုလက်စရော Level ကျဆင်းမှုတွေ၊ ဆီးချိုရောဂါ ဖြစ်ပွားမှုနှုန်း ကျလာခြင်းနဲ့ နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်မှုကျဆင်းလာခြင်းတွေကပါ အကျိုး ခံစားလာနိုင်မှာပါ။ သရေစာလျှော့စားခြင်းနဲ့ ဖြတ်တောက် လိုက်ခြင်းရဲ့နောက်ကွယ်မှာ သင့်ခန္ဓာကိုယ်က ဘာတွေဖြစ်ပွားလာနိုင်သလဲဆိုတာကို အာဟာရ ဆရာဝန်တစ်ဦးက ဒီလိုပြောထား ပါတယ်။

 

(၁)    ကိုယ်အလေးချိန် ကျဆင်းလာမယ်။ သရေစာတွေကို မစားတော့ဘဲဖြတ်လိုက်တာနဲ့ သင့်ခန္ဓာကိုယ်ထဲက မလိုအပ်တဲ့ ကယ်လိုရီပမာဏများစွာဟာ ကျဆင်းသွားပြီး အကျိုးဆက် အနေနဲ့ကတော့ လှပကျန်းမာတဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်မှာပါ။ အာလူးကြော်၊ ချိစ်နဲ့ ပြုလုပ်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်လိုက်ရုံနဲ့ အတော်လေးသိသာပါတယ်။

 

(၂)     အာဟာရပြည့်လာမယ်။ သရေစာတွေအစား အာဟာရပြည့်ဝတဲ့အစားအစာတွေကို စားသုံး မိမှာပါ။ အသီးအရွက်တွေ၊ အသားဓာတ်၊ ပဲဓာတ်နဲ့ အမျှင်ဓာတ်တွေ၊ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့အစားအစာတွေကို သရေစာအစားထိုးအဖြစ် စားသုံးလာမိမှာပါ။

 

(၃)    ကျန်းမာရေးပြဿနာတွေ နည်းပါးလာမယ်။ အာလူးချောင်းကြော်၊ ဟမ်ဘာဂါနဲ့ ကြက်ကြော် အစရှိတာတွေဟာ နှလုံးရောဂါ၊ ကိုလက်စရောမြင့်မားမှုနဲ့ ဆီးချိုရောဂါတွေကို ဖြစ်ပွားစေပါတယ်။ ဆိုဒီယမ်ဓာတ် များစွာပါဝင်မှုကြောင့်လည်း ကျောက်ကပ်ရောဂါနဲ့ သွေးပေါင်ချိန်တက်ခြင်းကို ဖြစ်စေ နိုင်ပါတယ်။ ဒါကြောင့် သရေစာတွေကို ဖြတ်လိုက်ခြင်းဟာ နာတာရှည်ကျန်းမာရေးပြဿနာတွေကို တားဆီးပြီးသား ဖြစ်မှာပါ။

 

(၄)    အသားအရေ ကောင်းလာမယ်။ သင်ဘာတွေစားသုံးနေလဲဆိုတာဟာ သင့်အသားအရေမှာ ပေါ်လွင်ပါတယ်။ အသားအရေကောင်းခြင်းနဲ့ ဆံပင်သန်စွမ်းကောင်းမွန်ခြင်းဟာ သင့်ရဲ့ အစားအသောက် ရွေးချယ်မှု မှန်ကန်ခြင်းရဲ့ နောက်ဆက်တွဲအကျိုးကျေးဇူးပါ။ သရေစာတွေကို မစားတော့တာနဲ့ အသားအရေဟာ ဝင်းမွတ် ကြည်လင်လှပလာမှာပါ။ Glow လာမှာပါနော်။

 

(၅)    တက်ကြွလန်းဆန်းလာမယ်။ သရေစာတွေဟာ အီဆိမ့်ထိုင်းမှိုင်းစေပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအစာတွေကို ရွေးချယ်စားသုံးမယ်ဆိုရင်တော့ တက်ကြွလန်းဆန်းပြီး အလုပ်လုပ်ရာမှာ အဆင်ပြေ ချောမွေ့ နေမှာပါ။

 

(၆)    နှစ်နှစ်ခြိုက်ခြိုက်အိပ်စက် အနားယူနိုင်မယ်။ သကြားဓာတ်များတဲ့ အစားအစာတွေ အဆီများတဲ့ အစားအစာတွေဟာ ကိုယ်အလေးချိန် တက်ရုံသာမကဘဲ အိပ်စက်ခြင်းစက်ဝန်းကို အနှောင့်အယှက် ဖြစ်စေပါတယ်။ နှစ်ခြိုက်စွာအိပ်စက်လို့ မရနိုင်ဘဲဖြစ်တတ်ပါတယ်။ သရေစာတွေကို လျှော့စား လိုက်ခြင်းအားဖြင့် အိပ်စက်အနားယူရာမှာ ကောင်းမွန်လာနိုင်သလို နောက်တစ်နေ့ကိုလည်း လန်းဆန်းစွာဖြတ်သန်းလာနိုင်မှာပါ။

 

(၇)    ကြွက်သားတွေအတွက်လည်း ကောင်းမွန်ပါတယ်။ သန့်ရှင်းပြီး အာဟာရပြည့်ဝတဲ့ အစားအစာတွေကို စားသောက်ခြင်းဟာ ကြွက်သားတွေကို သန်မာစေမှာပါ။ ကြွက်သားတွေ ကျန်းမာသန်စွမ်းလာခြင်းကြောင့် သင့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာတွေ အဆင်ပြေ ချောမွေ့ လာနိုင်မှာပါ။

 

သရေစာကိုဖြတ်ဖို့ သင့်မှာအစီအစဉ်ရှိပြီ ဆိုရင်တော့ ချက်ချင်းကြီး မဖြတ်လိုက်ပါနဲ့နော်။ ဖြည်းဖြည်းချင်းစီ လျှော့စားရင်း သင့်ခန္ဓာကိုယ်ရဲ့ ကောင်းမွန်တဲ့ပြောင်းလဲမှုတွေကို ရင်ဆိုင်ကြည့် လိုက်ပါ။

 

ရေးသားသူ-ဒေါက်တာမှူးခင်

 

ရေးသားသူ Dr. Thiha Phyo Myint

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”