ကော့သောင်း  ၂၉  ဧပြီ

           

ကော့သောင်းခရိုင်အတွင်း တားမြစ်ငါးဖမ်းဧရိယာကွက်(၄)ကွက် အတွင်းရှိ ကျွန်းများတွင်နေထိုင်သည့် ပြည်သူများ၏ မိရိုးဖလာ ငါးဖမ်းကိရိယာအသုံးပြု ကမ်းနီးငါးဖမ်းလှေငယ်များ စာရင်းကောက်ယူမှုလုပ်ငန်းများကို ယမန်နေ့က ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ရှိသူများ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

           

ကော့သောင်းခရိုင်၊ ကော့သောင်းမြိုနယ်နှင့် ဘုတ်ပြင်းမြို့နယ်များအတွင်းရှိ၊ ငါးဖမ်းကွက်အမှတ် F 13  F 14 ၊ F20 နှင့် F 21 ငါးဖမ်ကွက်များအတွင်း ငါးဖမ်းခြင်းမပြုရန် ငါးလုပ်ငန်းဦးစီးဌာနမှ အမိန့်ကြော်ငြာစာ ၁ / ၂၀၂၀ဖြင့် ထုတ်ပြန်ထားရာတွင် အဆိုပါ ၄ ကွက် တားမြစ်ဧရိယာ မိုင် ၆၀ ပတ်လည်အတွင်းရှိ အခြေပြုနေထိုင်သော ကျွန်းများနှင့်‌ ကျေးရွာများအဖြစ်  တားမြစ်ငါးဖမ်းကွက်F-13 အတွင်းကျွန်းပေါင်း ၃ ကျွန်း၊ F- 14 အတွင်း ကျွန်းပေါင်း ၂၆ ကျွန်းနှင့် မကြုံဂလက်၊ညောင်ဝိ၊ ဂျာအုံး၊ ကိုဖော့၊ စလတ်ဂလက်၊ ဝါးကျွန်းတို့ပါရှိပြီး၊ F-20 အတွင်း ဂျာလန်းကျွန်းရွာ၊ F- 21 အတွင်း ဇာဒတ်ကြီးကျေးရွာတို့အပါအဝင် စုစုပေါင်း အဓိကကျွန်းနေ ကျေးရွာ (၈) ရွာရှိပြီး အဆိုပါ ရွာတချို့တွင် ပင်လယ်ပျော် မော်ကင်း(ခ) ဆလုံလူမျိုးများ နေထိုင်သည့် ကျေးရွာများ ဖြစ်ကြောင်း သိရသည်။

           

အဆိုပါ တားမြစ်ငါးဖမ်းကွက်ဧရိယာများအတွင်း ဆက်စပ်လုပ်ငန်းများအဖြစ် ပုလဲမွေးမြူရေး၊ ဟိုတယ် Resort ၊ ခရီးသွား Dive site ၊ ငှက်သိုက်စသည့်လုပ်ငန်များ၊ လန်ပိအဏ္ဍဝါအမျိုးသား ဥယျာဉ်ထိန်းသိမ်းရေးဌာန နှင့် OIKOS အပါဝင် INGO အဖွဲ့များမှလည်း သက်ဆိုင်ရာလုပ်ငန်းအသီးသီး လုပ်ကိုင်လျက်ရှိကြကြောင်းလည်း သိရသည်။

 

ကော့သောင်းခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ အဆိုပါ တားမြစ်ငါးဖမ်းဧရိယာအတွင်း ကျွန်းများပေါ်ရှိ ကျေးရွာများမှ မိရိုးဖလာ ပင်လယ်ငါးဖမ်းလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုသည့် ကျေးလက်ပြည်သူများ စားဝတ်နေရေးအတွက် လုပ်ကိုင်ရာတွင် အဆင်ပြေချောမွေ့စွာ မိရိုးဖလာငါးဖမ်းလုပ်ငန်းများ စနစ်တကျလုပ်ကိုင်နိုင်ရေး ကျေးရွာအလိုက် လုပ်ကိုင်လျက်ရှိသည့် ငါးဖမ်းလှေငယ်များ၏ စာရင်းပြုစုနိုင်ရေး သက်ဆိုင်ကျေးရွာအုပ်ချူပ်ရေး အဖွဲ့အစည်းများဖြင့်ပူးပေါင်း ကွင်းဆင်းကာ စာရင်းကောက်ယူမှုလုပ်ငန်းများ ဆောင်ရွက်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

ကျော်စိုး (ကော့သောင်း)