ပဲခူး ၂၉ ဧပြီ

 

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးသိန်းသည် ယနေ့ နံနက် ၉ နာရီခွဲက ပဲခူးမြို့ မြို့တော်ခန်းမတွင် ဖွင့်လှစ်ထားရှိသော COMMUNITY FEVER CLINIC, BAGO ဖျားနာရောဂါကုဆေးခန်းသို့ ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့်အတူ သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

9005

 

ဝန်ကြီးချုပ်နှင့် အဖွဲ့အား COMMUNITY FEVER CLINIC,BAGO အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ ဆရာဝန်အသင်း (ပဲခူးတိုင်း)အတွင်းရေးမှူးဒေါက်တာနေမျိုးက ဖျားနာရောဂါကုဆေးခန်းအတွင်း ဆောင်ရွက်ထားရှိပုံ အဆင့်ဆင့်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားရာ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ပြီး ဝန်ကြီးချုပ်နှင့်ဝန်ကြီးများက ကိုဗစ်-၁၉ ရောဂါ အကာအကွယ်ပြုနိုင်မည့် မျက်နှာစည်း (Face Cover)(၅၀)ခုပါ ပုံးတစ်ပုံးအား ဒေါက်တာနေမျိုးထံပေးအပ်ခဲ့သည်။

 

COMMUNITY FEVER CLINIC,BAGO ဖျားနာရောဂါကုဆေးခန်းအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့၏လမ်းညွှန်မှု ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြန်မာ နိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား/သေဆုံးမှု အနည်းဆုံးဖြစ်စေ‌ရန်၊ ရောဂါကာကွယ် ၊ထိန်းချုပ်၊ ကုသ ရေးလုပ်ငန်းများတွင် အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်၊ ကိုဗစ်-၁၉  ‌ရောဂါအား စောစီးစွာ ရှာဖွေဖော်ထုတ်၍ ကုသပေးနိုင်ရန်နှင့် ကူးစက်ပြန့်ပွားမှုကို အချိန်မီကာကွယ်ထိန်းချုပ်နိုင်ရန်၊ ကိုဗစ်-၁၉  ‌ရောဂါ စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရန် ရည်ရွယ်ပြီး ပဲခူးမြို့ပေါ်ရှိ မြန်မာနိုင်ငံဆရာဝန်အသင်း၊ ပဲခူးမြို့နယ် ကျန်းမာရေးဦးစီး ဌာန၊ ပဲခူးမြို့ အထွေထွေ ရောဂါကုဆရာဝန်များနှင့် မြို့မိမြို့ဖများ၊ မြို့နယ်စည်ပင်သာယာ‌ရေးကော်မတီ၊ လူမှုရေး အသင်းအဖွဲ့များ ပူးပေါင်းပြီး ဧပြီလ(၂၉)ရက်နေ့မှစတင်ကာ တနင်္ဂနွေနေ့မှအပ နေ့စဉ်နံနက်(၉)နာရီမှ မွန်းတည့် (၁၂)နာရီအထိ  ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

48009

 

အဆိုပါCOMMUNITY FEVER CLINIC,BAGO ဖျားနာရောဂါကုဆေးခန်းတွင် ဖျားနာခြင်း ၊ ချောင်းဆိုးခြင်း၊လည်ချောင်းနာခြင်း၊ အသက်ရှုခက်ခဲခြင်း စသည့်ဝေဒနာများကို အခမဲ့ ကုသပေးသွားမည် ဖြစ်ရာ  ဆေးခန်းသို့ လာရောက်ပြသကြမည့် လူနာများအနေဖြင့်လည်း ကား/ သုံးဘီးဆိုင်ကယ်တို့ဖြင့် စုပေါင်းလာရောက်ခြင်းမပြုဘဲ မိမိတစ်ဦးခြင်း အစီအစဉ်ဖြင့်သာ လာရောက်ပြသကြရန် မေတ္တာရပ်ခံအသိပေးထားခြင်း၊ ကျန်းမာရေးနှင့်ပတ်သတ်သည့် ကိစ္စရပ်များ သိရှိလိုပါကလည်း ဖုန်းနံပါတ်ဝ၉-၈၈၇၇၈၈၀၁၀ သို့ ဆက်သွယ်ရန်စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 

တင်စိုး(ပဲခူး)