ကြို့ပင်ကောက် ၂၉ ဧပြီ
ကြို့ပင်ကောက်မြို့ လူမှုရေးအသင်းအဖွဲ့များစုပေါင်းပြီး “အပြင်ထွက်ရင် Mask တပ်ပါ” လှုပ်ရှားမှုကို ဧပြီလ ၂၉ ရက်နေ့နံနက်ပိုင်းတွင် အသစ်ပြောင်းရွှေ့ဖွင့်လှစ်ထားသော ဈေးနှင့်မြို့နယ်အတွင်း လူစည်ကားရာ နေရာများတွင် နှာခေါင်းစည်းအခမဲ့ဝေငှခြင်း အစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။
သဘာဝဘေးအန္တရာယ်ကာကွယ်စောင့်ရှောက်ရေးကော်မတီ လူငယ်တာဝန်ခံ ကိုဌေးနိုင်ဦးက “ကျွန်တော်တို့ လူမှုရေးအသင်းအဖွဲ့တွေ စုပေါင်းပြီး ပြည်သူလူထုကြားထဲမှာ အသိပညာပေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။ အခု အလှူရှင်တွေ လှူဒါန်းထားတဲ့ Hand Made Mask တွေကို ကုန်စိမ်းဈေးတွေရယ် သားငါးဈေးတွေရယ် မြို့မဈေးအနီးပတ်ဝန်းကျင်မှာ Hand Made Mask တွေဝေငှနေပါတယ် ။ နောက်ရက်တွေမှာလည်း အရှိန်မြှင့်ပြီး ဆောင်ရွက်သွားဖို့လည်းရှိပါတယ်”ဟုပြောကြားသည်။
Hand Made Mask ချုပ်လုပ်လှူဒါန်းသူ မယုယုသင်းက “ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့အတွက် မြို့နယ် ပရဟိတ အသင်းက နှာခေါင်းစည်းတွေ လိုက်ပြီးဝေငှနေတာကိုသိရလို့ ကျွန်မတို့ကလည်း တစ်ဖက်တစ်လမ်းကနေ ပါဝင်လှူဒါန်းချင်လို့ ချုပ်လုပ်နေရတာပါ” ဟုပြောကြားသည်။
ကြို့ပင်ကောက်မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သော Hand Speaker များဖြင့် အသိပေးနှိုးဆော်ခြင်း၊ လက်ကမ်းစာစောင်များဝေငှခြင်းနှင့် နှာခေါင်းစည်းများ ဖြန့်ဝေခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာအဖွဲ့အစည်းများ လူမှုရေးအသင်းအဖွဲ့များက အရှိအဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဇေယျာထွန်း(ကြို့ပင်ကောက်)


