ရန်ကုန် ၂၉ ဧပြီ
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်မှတစ်ဆင့် ရန်ကုန်မြို့သို့ ကူးသန်းသွားလာကြရာတွင် မြစ်တွင်းသွား စက်တပ်သမ္ဗန်များဖြင့် ခရီးသည်များစွာကို ကူးတို့ပို့ဆောင်ပေးလျက်ရှိရာ လက်တလော ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလအတွင်း ရန်ကုန်မြစ်အတွင်း စက်တပ်သမ္ဗန် အစီးရေ ၁၀ဝ ကျော်ခန့်ဖြင့် ပြေးဆွဲပေးလျက်ရှိကြောင်း မြို့နယ်စက်တပ်ရေယာဉ်ကြီးကြပ်ရေးအဖွဲ့ ဥက္ကဌ ဦးကျော်ငြိမ်းက ယနေ့ နံနက်က ပြောကြားခဲ့သည်။
“ ကျွန်တော်တို့ ဒလမြို့နယ်အတွင်းမှာ သမဝါယမအသင်းပိုင် ကူးတို့ဆိပ်(၅)ခုနဲ့ ပုဂ္ဂလိကအသင်းပိုင် ကူးတို့ဆိပ်(၆) ခု အပါအဝင် စုစုပေါင်း ကူးတို့ဆိပ်(၁၁)ခုမှာ စက်တပ်သမ္ဗန်အစီးပေါင်း(၄၉၀) ကျော် ရှိပါတယ်၊ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်းမှာ ခရီးသွားလာပြည်သူတွေ သွားလာမှု အရမ်းနည်း တဲ့အတွက် လက်ရှိမောင်းနေရတဲ့ စက်တပ်သမ္ဗန်အစီးရေ ၁၀ဝ ကျော်လောက်ပဲ ပြေးဆွဲပေးနေရတယ်၊ ဝင်ငွေလည်း ကျဆင်းသွားလို့ သမ္ဗန်မောင်းသမားဘဝက သမ္ဗန်ကိုပဲ မှီခိုပြီး စားသောက် နေရတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ကြုံတွေ့ရတယ်၊ မကြာမီ မိုးဦးကာလ လည်း နီးလာပြီး ရာသီဥတုတွေ ဆိုးရွာလာ ပြီးဆိုရင် ကြိုတင်ပြင်ဆင်ထားရမယ့် လုပ်ငန်းတွေ ရှိလာပါတယ်၊ အသက်ကယ်အင်္ကျီတို့ အသက်ကယ်ဗောတို့ လိုအပ်လာပြီး၊ လက်ရှိအချိန်မှာ ဝင်ငွေနည်းတဲ့ သမ္ဗန်သမားတွေမှာ ကုန်ကျစရိတ်တွေရှိလို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ကြုံတွေ့ လျက်ရှိပါတယ်” ဟု ဆက်လက်၍ ပြောကြားခဲ့သည်။
ယနေ့ရက်ပိုင်းအတွင်း မုန်တိုင်းသတိပေးချက်ရှိနေပြီး ရန်ကုန်မြစ်တွင်းသွား စက်တပ်သမ္ဗန်များ အနေဖြင့် မိုးဦးကာလအတွင်း လှိုင်လေကြီးပါက သမ္ဗန်ရပ်ဆိုင်းထားခြင်းနှင့် လှိုင်လေ ငြိမ်သက်မှသာ မောင်းနှင်ထွက်ခွာခြင်းတို့ ပြုလုပ်ကြရန် သက်ဆိုင်ရာ ကူးတို့ဆိပ်(၁၁)ဆိပ်ရှိ ဥက္ကဋ္ဌများအား အသိပေး ပြောကြားထားကြောင်း သိရသည်။
လက်ရှိအချိန်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးနှင့် ကြိုတင်ကာကွယ်ရေးအတွက် စက်တပ်သမ္ဗန် တစ်စီးလျှင် ခရီးသည်(၆)ဦး နှင့် (၈)ဦး ဝန်းကျင်သာ တင်ဆောင်ပြီး ကူးတို့ပြေးဆွဲ ပို့ဆောင်ပေးကြောင်း သိရသည်။
နိုင်လင်းကျော်(ဒလ)


