နေပြည်တော် ၂၉ ဧပြီ
နယ်စပ်ရေးရာဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးအစိုးရအဖွဲ့များ၏ ညှိနှိုင်းတောင်းဆိုလာမှုအရ ကမ္ဘောဇအနာဂတ်အလင်းတန်းမြန်မာ ဖောင်ဒေးရှင်း၏ ပေနက်တွင်းတူးစက် အကူအညီရယူကာ မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေ ရှားပါးပြတ်လတ်နေသော ကျေးရွာများအတွက် ရေနက်တွင်းတူးဖော်ခြင်း လုပ်ငန်းများအား ဘဏ္ဍာနှစ်အလိုက် စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိသည်။
ရေနက်တွင်းတူးဖော်ခြင်း လုပ်ငန်းစဉ်များအနက်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် (၁၈ဒသမ၄၃)သန်းဖြင့် သန့်ရှင်းသော သောက်သုံးရေ လိုအပ်လျက်ရှိသည့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်အတွင်း၌ အနက်ပေ (၄၀၀) စက်ရေတွင်း (၁)တွင်းနှင့် ဂါလန် (၅၀၀၀) ဆံ့ အုတ်ရေကန်လုပ်ငန်းအား ဧပြီ ၁၅ ရက်တွင် စတင်ဆောင်ရွက်ခဲ့ရာ ဧပြီ ၂၄ ရက်တွင် ရေတွင်းတူးဖော်ခြင်းလုပ်ငန်း အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့မှုနှင့် ကျန်ဆက်စပ်လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မိတ္ထီလာခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးသီဟဇော်နှင့် တာဝန်ရှိသူများက ဧပြီ ၂၈ ရက်တွင် မြေပြင်ကွင်းဆင်း ကြည့်ရှုစစ်ဆေးဆောင်ရွက်ခဲ့ပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးသည်။
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် မကွေးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများ၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ကျေးရွာ(၆)ရွာတို့တွင် အဝီစိ ရေနက်တွင်း တူးဖော်ခြင်း၊ ဂါလံ(၅၀၀၀)ဆံ့ အုတ်ရေကန်နှင့် ရေစက်ရုံတည်ဆောက်ခြင်း လုပ်ငန်းများဆောင်ရွက်ပေးနိုင်ခဲ့ပြီး ယခု ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် မကွေးမြို့၊ အခြေခံ ကျန်းမာရေးတက္ကသိုလ်နှင့် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ မန်ကျည်းစောက် ကျေးရွာတို့တွင်လည်း ဆက်လက်တူးဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)


