ပခုက္ကူ ၂၉ ဧပြီ
မကွေးတိုင်း၊ ပခုက္ကူမြို့နယ်ရှိ မြေအကျယ်ဧက (၂၀၀) ပေါ်တွင် အဆင့်မြင့် စက်သုံးဆီများ ထုတ်လုပ်နိုင်ရန် ရည်ရွယ်၍ တင်ဒါခေါ်ယူခွင့်ပြုခဲ့သည့် အသေးစား ရေနံချက်စက်ရုံ (၅) ရုံအနက် စက်ရုံတစ်ခုမှာ လည်ပတ်ရန် နီးစပ်နေပြီဖြစ်ကြောင်း မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ သိရသည်။
“ ခွင့်ပြုထားတဲ့ စက်ရုံငါးခုထဲက စန်နီဂလိုဘယ်လ် ကုမ္ပဏီလုပ်နေတာ လည်ပတ်လို့ရတဲ့ အနေအထားထိ တော်တော်နီးစပ်နေပြီ။ ကိုဗစ်ဖြစ်နေလို့သာ။ ကိုဗစ်မဖြစ်ရင် စက်တွေကိုသွင်းပြီးတော့ လည်ဖို့တောင် အခြေအနေ တော်တော်ကောင်းနေပြီ ” ဟု အစိုးရအဖွဲ့၊ သဘာဝပတ်ဝန်းကျင်၊ သယံဇာတ နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော် က ပြောသည်။
ကျန်ကုမ္ပဏီ (၄) ခုထဲမှ ရန်ကုန်မြို့မှ ကုမ္ပဏီတစ်ခုအား ငွေမသွင်း၍ ပယ်လိုက်ပြီး မြန်မာချိုင်းနားပက်ထရို ကုမ္ပဏီကို အစားသွင်းထားကြောင်း၊ ကျန်ကုမ္ပဏီများမှာ လုပ်ငန်းကို အစဉ်မပြတ် လုပ်နေဆဲဖြစ်ကြောင်း သိရသည်။
“ ကုန်ကြမ်းကတော့ ဒေသထွက်ကုန်ပေါ့။ လောလောဆယ် ဒေသက ဖူလုံပါတယ်။ ဒေသက မထွက်ဘူးဆိုရင် နိုင်ငံခြားကမှာယူတဲ့အထိ ခွင့်ပြုဖို့ ရှိပါတယ်။ မန်းသံပုရာကန်ကထွက်တဲ့ ဆီအရည်အသွေးထက် မနိမ့်အောင် ထုတ်ပေးဖို့ တင်ဒါခေါ်ကတည်းက သတ်မှတ်ခေါ်ယူခဲ့တာပါ။ စက်ရုံရဲ့ ဒီဇိုင်းတွေ၊ ပရိုဖိုင်တွေ၊ ဖွဲ့စည်းပုံတွေကိုလည်း မြန်မာ့ရေနံက အကုန်စစ်ပြီးမှ လက်ခံတာပါ။ ဒီစံနှုန်းနဲ့ဆိုရင် စံချိန်မီနိုင်တယ်ဆိုတဲ့ အနေအထားအရ လက်ခံပြီးတော့မှ ဆောက်လုပ်ခွင့် ပြုခွင့်တာပါ ” ဟု ဝန်ကြီး ဦးမြင့်ဇော် က ပြောသည်။
မကွေးတိုင်းဒေသကြီးတွင် ဒေသန္တရ ရေနံချက်ဖိုငယ်များကို လုပ်ကိုင်လိုသူများရှိသော်လည်း ခွင့်ပြုထားခြင်းမရှိဘဲ တရားမဝင် ရေနံချက်ဖိုများကို သယံဇာတဝန်ကြီးကိုယ်တိုင် ဆင်းဖမ်းခဲ့သည့် ဖြစ်စဉ်တစ်ခုလည်း ရှိခဲ့ကြောင်း သိရသည်။
ဇေယျတု(မကွေး)


