ရန်ကုန် ၂၉ ဧပြီ 

 

Korean Association in Myanmar မှ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီဖွဲ့ Special Rescue Team ကွပ်ကဲရေးစခန်းသို့ ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် နှာခေါင်းစည်း အခု ၃၀၀၀၀ ကို ယနေ့နံနက် ၉ နာရီက တာမွေအထက (၁) ဖွင့်လှစ်ထားသည့် ကွပ်ကဲရေးစခန်း၌ပေးအပ်လှူဒါန်းခဲ့သည်။ 

 

အဆိုပါလှူဒါန်းပွဲသို့ မြန်မာနိုင်ငံဆိုင်ရာ ကိုရီယားသံရုံးမှ ကောင်စစ်ဝန် Mr.Jeon Sung Jin၊ Korean Association in Myanmar မှ ဥက္ကဋ္ဌ Mr,Chun Sung Ho၊ ဒုတိယဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ (ရန်ကုန်) YRO ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး၊ ဒုတိယဥက္ကဋ္ဌ ဦးမိုးငြိမ်းနှင့် Special Rescue Team မှ စေတနာ့ဝန်ထမ်းများ တက်ရောက်ကြသည်။ ဆက်လက်၍ Korean Association in Myanmar မှ ဥက္ကဋ္ဌ Mr,Chun Sung Ho က၊ ငွေကျပ် သိန်း ၁၀၀ ကျော် တန်ဖိုးရှိ နှာခေါင်းစည်း ၃၀၀၀၀ ကို ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ (ရန်ကုန်) YRO ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးထံ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။

 

“ယခုလိုလှူဒါန်းတဲ့ နှာခေါင်းစည်းတွေကို လက်ရှိကွပ်ကဲရေးရုံးမှာရှိတဲ့ အသင်းများကို ပြန်ပြီးခွဲဝေပေးသွားမှာပါ။ ကိုဗစ်-၁၉ ရောဂါကာကွယ်ဖို့ တတ်စွမ်းသလောက် ဆုံးရှုံးမှုအနည်းဆုံးနဲ့ ရင်ဆိုင်နိုင်အောင်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ကူညီရခြင်းဖြစ်ပါတယ်” ဟု YRO ဥက္ကဋ္ဌ ဦးထွန်းထွန်းဦးက ပြောသည်။ 

 

ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီရေးအဖွဲ့ (ရန်ကုန်) YRO သည် ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်သည့် ကျန်းမာရေး အသိပညာပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်း၊ စောင့်ကြည့်၊ သံသယလူနာများ ပို့ဆောင်ပေးလျက်ရှိကြာင်း သိရသည်။ ရန်ကုန်တိုင်းဒေသကြီး လူမှုကူညီဖွဲ့ (ရန်ကုန်) YRO သည် မြန်မာနိုင်ငံ တစ်ဝန်လုံးတွင် အဖွဲ့ဝင် ၈၀၀၀ ခန့်ရှိကြောင်း သိရသည်။

 

သတင်းနှင့်ဓာတ်ပုံတင်စိုး (မြန်မာ့အလင်း)