နေပြည်တော်  ၂၉ ဧပြီ

 

အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၏ ကိုဗစ်-၁၉ ဆိုင်ရာ Video Conference အထူးအစည်းအဝေးကို ယနေ့ နံနက် ၈ နာရီခွဲတွင် ကျင်းပရာ ကမ္ဘောဒီးယားနိုင်ငံမှ ဥက္ကဋ္ဌနှင့် အင်ဒိုနီးရှားနိုင်ငံမှ ဒုတိယဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ကြပြီး အာဆီယံခရီးသွားလုပ်ငန်းဝန်ကြီးများ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်၊ အာဆီယံ ခရီးသွားလုပ်ငန်း အာဏာပိုင်အဖွဲ့ခေါင်းဆောင်များနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ကြသည်။

 

အထူးအစည်းအဝေးကို ကိုဗစ်-၁၉ ကြောင့် အဖွဲ့ဝင်နိုင်ငံများ၏ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းအပေါ် ဆိုးကျိုးသက်ရောက်မှု အခြေအနေများ သက်သာလျော့ပါရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ စီစဉ် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို သုံးသပ်အကဲဖြတ်စာတမ်း ရေးသားထုတ်ဝေရန်နှင့် အာဆီယံ ဒေသတွင်း ခရီးသွားလုပ်ငန်းများ ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများ၏ ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေငြာချက်တစ်ရပ် (Joint Statement)ကို ထုတ်ပြန်ရန် ကျင်းပခြင်း ဖြစ်သည်။ 

 

အစည်းအဝေးတွင် အာဆီယံခရီးသွားလုပ်ငန်း ဝန်ကြီးများက ကိုဗစ်-၁၉ ကြောင့် အာဆီယံ ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်မှုများ၊ ဖြစ်ပေါ်လာမည့် ဆိုးကျိုးများ လျော့ချနိုင်ရေးမူဝါဒများ၊ ပြန်လည်ထူထောင်ရေး မဟာဗျူဟာများ၊ အစီအမံများနှင့် စပ်လျဉ်း၍ ဆွေးနွေးကြရာ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင် က အာဆီယံအရေးပေါ်အခြေအနေ ဆက်သွယ်ဆောင်ရွက်ရေးဆိုင်ရာ အထူး အစည်းအဝေးအား Video Conferencing ဖြင့် အချိန်နှင့်တစ်ပြေးညီ ကျင်းပသွားရန်၊ အာဆီယံ ဝက်ဆိုဒ်တွင် အဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားအကြံပြုချက်များကို စုစည်းလွှင့်တင်သွားရန်၊ ခရီးသွားလုပ်ငန်းပြန်လည် ဖွံ့ဖြိုးတိုးတက် လာစေရေးအတွက် ပြည်တွင်းခရီးသွားလုပ်ငန်းကို ဦးစွာမြှင့်တင်သွားရန်၊ ကိုဗစ်-၁၉ ကာလအလွန်တွင် အာဆီယံ အဖွဲ့ဝင် နိုင်ငံအချင်းချင်း အပြန်အလှန်လည်ပတ်ရေးကို မြှင့်တင်ဆောင်ရွက်သွားရန်၊ အနာဂတ်တွင် ခရီးသွား လုပ်ငန်း ပြန်လည်ဦးမော့လာစေရေးအတွက် အဖွဲ့ဝင်နိုင်ငံများ၏ ခရီးသွားလုပ်ငန်း ခေါင်းဆောင်များ ပိုမိုနီးကပ်စွာပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်ကြောင်း အကြံပြုဆွေးနွေးခဲ့သည်။ ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် အထူးအစည်းအဝေးက ထုတ်ပြန်မည့် ပူးတွဲကြေငြာချက်ပါ COVID-19 ၏ သက်ရောက်မှုများလျော့ချရေး လုပ်ငန်းစဉ်များတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။

 

ပူးတွဲကြေငြာချက်အရ အဓိကအားဖြင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ခရီးသွားဧည့်သည်များနှင့် ခရီးသွားလုပ်ငန်း ဆောင်ရွက်သူများအားလုံးအတွက် ကိုဗစ်-၁၉ ဆိုင်ရာ တိကျမှန်ကန်သော သတင်းအချက်အလက်များ ဖြန့်ဝေပေးရန်နှင့် ဖွဲ့စည်းထားရှိသော အာဆီယံခရီးသွား လုပ်ငန်းအရေးပေါ်အခြေအနေ ဆက်သွယ်ဆောင်ရွက်ရေး အဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက်ရန်၊    ကိုဗစ်-၁၉ အပြင် အနာဂတ်တွင် ကြုံတွေ့လာ နိုင်သည့် ကပ်ဘေးများကြောင့် အကျိုးသက်ရောက်မှုများ လျှော့ချရေးအတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ် သောဌာနများ၊ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြည့်စုံ၍ ပွင့်လင်းမြင်သာမှုရှိသည့် ဆောလျင်စွာ တုံ့ပြန်နိုင်သော ပူးပေါင်းဆောင်ရွက်မှု အစီအမံများ ချမှတ်ဆောင်ရွက်သွားရန်၊ အဖွဲ့ဝင်နိုင်ငံများ၏ ဆိုးကျိုး သက်ရောက်မှု အခြေအနေများ၊ ပြန်လည်ထူထောင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးမှုများ၊ အတွေ့အကြုံကောင်းများနှင့် သတင်းအချက်အလက်များ ပြန်လည်မျှဝေခြင်းဖြင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဆောင်ရွက်ရန်၊ အာဆီယံသို့ လာရောက်လည်ပတ်မည့် ခရီးသွားဧည့်သည်များအကြား ဘေးကင်းလုံခြုံစိတ်ချမှုကို မြှင့်တင်ရန် ခရီးသွား လုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ဆောင်ရွက်သူများအတွက် ပြည့်စုံလုံလောက်သည့် အကာအကွယ်များရရှိစေမည့် လုပ်ငန်းခွင် စံနှုန်းနှင့် လမ်းညွှန်ချက်များ ရေးဆွဲဆောင်ရွက်ရန်၊     အာဆီယံ၏ ပေါင်းစည်းစျေးကွက် ဖြစ်ပေါ်လာရေး ရည်မှန်းချက်နှင့်အညီ ဒီဂျစ်တယ် နည်းပညာအသုံးပြု၍ ကိုဗစ်-၁၉ အလွန် ပြန်လည်ထူထောင်ရေး စီမံချက်ရေးဆွဲ အကောင်အထည်ဖော်ရန်၊ အကြီးစား၊ အလတ်စားနှင့် အသေးစားစီးပွားရေးလုပ်ငန်းများ၊ လုပ်ငန်းငယ် များနှင့် အခြားထိခိုက်မှု ရှိသောလုပ်ငန်းများ အတွက် နည်းပညာ၊ ငွေကြေး၊ အခွန်အခနှင့် ဒီဂျစ်တယ်အခြေခံ လူ့စွမ်းအား အရင်း အမြစ်မြှင့်တင်ရေးဆိုင်ရာ အကူအညီပေးရေးမူဝါဒများ ရေးဆွဲဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ အလွန်ကာလ အတွက် အာဆီယံကိုရေရှည်တည်တံ့၍ အားလုံးပါဝင်မှုရှိသော ခရီးသွားလုပ်ငန်း ဖြစ်ပေါ်လာရေး မိတ်ဖက် အဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် ခရီးသွားလုပ်ငန်းတွင် လုပ်ကိုင်ဆောင်ရွက်နေသူများ အားလုံးနှင့် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။

 

အထူးအစည်းအဝေးတွင် အာဆီယံ ခရီးသွားလုပ်ငန်းများအပေါ် ကိုဗစ်-၁၉ ဆိုင်ရာ သက်ရောက်မှုများ သုံးသပ်အကဲဖြတ်စာတမ်းနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ပူးတွဲကြေငြာချက်တို့ကိုလည်း အတည်ပြုခဲ့ကြောင်း သိရသည်။  

 

သတင်းစဉ်