မော်လမြိုင်ကျွန်း ၂၉ ဧပြီ
ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယမန်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ် မှုကြောင့် နေအိမ် (၇)လုံး ပြိုလဲပျက်စီးခဲ့ပြီး နေအိမ် (၃) လုံးနှင့် ဘုန်းတော်ကြီးကျောင်း (၁) ကျောင်း ပျက်စီးခဲ့သည်။
အဆိုပါပျက်စီးမှုများတွင် ထီပါလယ်ကျေးရွာ၌ နေအိမ် (၆) လုံး၊ မဲဇလီပုသိမ်စုကျေးရွာ၌ နေအိမ်(၁) လုံး၊ မှန်ကူကနစိုချောင်းကျေးရွာ၌ နေအိမ် (၁) လုံး ပြုကျပျက်စီးခဲ့ပြီး မော်လမြိုင်ကျွန်းမြို့ပေါ် အမှတ် (၁၃)ရပ်ကွက်တွင် နေအိမ်(၂)လုံး တစ်စိတ်တစ်ပိုင်း ပြိုလဲပျက်စီးကာ ဘုရားကျောင်းတံခွန်တိုင်ကျေးရွာ ဓမ္မသုခဘုန်းတော်ကြီးကျောင်း လည်း တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့သည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လေဘေးသင့်ပြည်သူ (၃၉) ဦးအား ဆန်ရိက္ခာ (၇)ရက်စာ (၈၁၉၀၀) ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုး (၈၈၀၀၀၀) ကျပ်၊ စုစုပေါင်း (၉၆၁၉၀၀) ကျပ်အား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာနမှ တာဝန်ရှိသူများက ယနေ့ မွန်းလွဲ ၂ နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
လေဘေးသင့်ပြည်သူများအား ၎င်းတို့၏ ဆွေမျိုးများနေအိမ်တွင် ခေတ္တတည်းခိုနေထိုင်နိုင်ရေး ကျေးရွာအုပ်စု အုပ်ချုပ်ရေးအဖွဲ့များမှ စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရသည်။
အောင်အောင်(ပြန်/ဆက်)


