မြင်းခြံ ၂၉ ဧပြီ
မြင်းခြံမြို့နယ်အတွင်းရှိ မိဘပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် ကုသရေးကာလအတွင်း အိမ်အပြင်မထွက်စေရန် အတွက် Forever Friends လူငယ်ပရဟိတ အသင်းမှ အခမဲ့အိမ်အရောက် ဝန်ဆောင်မှုဖြင့် မီတာခဆောင်ပေးခြင်းနှင့် ဈေးဝယ်ခြင်းများ ပြုလုပ်ပေးလျက်ရှိကြောင်း သိရှိရသည်။
မြင်းခြံမြို့တွင် ရပ်ကွက် (၂၀) ရှိရာ Forever Friends လူငယ်ပရဟိတအသင်း အနေဖြင့် အဖွဲ့ (၄) ဖွဲ့ခွဲ၍ ဆောင်ရွက်ပေးလျက်ရှိပြီး ပစ္စည်းမှာယူသည့် တန်ဖိုးငွေ ကျပ် ၁၅၀၀၀ မကျော်ပါက မိမိတို့အသင်းမှ စိုက်ထုတ် ဝယ်ပေးကာ အိမ်အရောက် ပစ္စည်းလာပို့မှသာ ကုန်ကျသည့် စာရင်းအတိုင်း ပေးချေရမည်ဖြစ်ကြောင်း သိရှိရသည်။ မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်ကုသရေး လုပ်ငန်းများကို ဌာနဆိုင်ရာအသင်းအဖွဲ့များ၊ ပရဟိတ အသင်းအဖွဲ့များမှ နေ့ညမပြတ် အရှိန်အဟုန်ဖြင့်ကြိုးစား လုပ်ဆောင်လျက်ရှိသည်။
မြင်းခြံမြို့ဝင်/မြို့ထွက် ဂိတ်များတွင်လည်း စစ်ဆေးရေးဂိတ်များ ထားရှိကာ ခရီးသွား ပြည်သူများကိုလည်း ခရီးသွား မှတ်တမ်းများတောင်း၍ စနစ်တကျ စာရင်းပြုစုခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်းနှင့် လက်သန့်ဆေးရည်ဖြင့် လက်သန့်စေခြင်းများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကိုကျော်စွာ(IPRD)


