ဟားခါး ၂၉ ဧပြီ
ချင်းပြည်နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ၁၅/၂၀၂၀ အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီတွင် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ Case-150 နှင့် ထိစပ်ခဲ့သူများအားလုံးကို စုံစမ်းလျက်ရှိပြီး ဟားခါးကောလိပ်နှင့် ထန်တလန်မြို့ နတလ သင်တန်းကျောင်းတို့တွင် Facility Quarantine ထားရှိသွားမည်ဖြစ်ကြောင်း ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက် အရ သိရသည်။
ဟားခါးမြို့တွင် Facility Quarantine ထားရှိန်ရန် ဟားခါးကောလိပ်၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း၊ အိမ်တွင်းမှုသင်တန်းကျောင်းနှင့် အား/ ကာသိပ္ပံ (ဟားခါး)၊ နေရာ ၄ ခုတွင် ပြင်ဆင်ထားရှိပြီး ဟားခါးကောလိပ်တွင် လူဦးရေ ၈၀ ဦးအတွက် စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ ရေအိမ် စသည့် အသုံးအဆောင်ပစ္စည်းများနှင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရန် နေရာများကို ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူးရုံးနှင့် ဟားခါးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ Case-150 လူနာအား Facility Quarantine ထားရှိသည့် ဟားခါးမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အဆောင်များ၊ ပတ်ဝန်းကျင်နေရာများနှင့် လမ်းမများအား စစ်ဗျူဟာအဖွဲ့ အခြေချ(ဟားခါး)မှ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး သန့်ဇင်ဦးနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ပြင် ဟားခါးမြို့အတွင်း လမ်းမကြီးနှင့် လူနေအိမ်များ၊ ရုံးများကို ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ Case-150 သည် တရုတ်ပြည်မှ ပြန်လည်ရောက်ရှိလာသူဖြစ်ပြီး ဟားခါးမြို့တွင် Facility Quarantine ထားရှိ၍ ၄င်းနှင့်အတူ Facility Quarantine ထားရှိသူ ၁၂ ဦးအနက် ၈ ဦးအား ဓာတ်ခွဲစစ်ဆေးရာ ၁ ဦးတွေ့ရှိရပြီး ကျန်(၇)ဦးမှာ ရောဂါပိုးမတွေ့ရှိကြောင်း၊ စစ်ဆေးရန်ကျန် ၄ ဦးအား ဓာတ်ခွဲနမူနာ ပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ ချင်းပြည်နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ ၆ ဦး ရှိကြောင်း သိရသည်။
မြင့်နိုင်စိုး(ပြန်/ဆက်)


