မြင်းခြံ  ၂၉  ဧပြီ 

 

ယနေ့နံနက် ၁၀ နာရီက  မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယာဉ်အသွားအလာဆုံသည့် မြင်းခြံ - ညောင်ဦး - မိတ္ထီလာ လမ်းဆုံနေရာအား မီးပွိုင့်ထားရှိရန်အတွက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။

 

မြင်းခြံ-ညောင်ဦး-မိတ္ထီလာ လမ်းဆုံနေရာသည် ယာဉ်အန္တရာယ် ကင်းဝေးစေရန်အတွက် မီးပွိုင့်တပ်ဆင်နိုင်ရန် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိန်မြင့်၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးချမ်းမြေ့၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင်၊ မြို့နယ် လျှပ်စစ်မန်နေဂျာ ဦးမြလင်းဝေ၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့ ဦးစီးမှူး ဦးစိုးမြင့်ထွေး၊ မြို့နယ်လမ်းဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဒေါ်ကြည်ကြည်လွင်၊ စည်ပင်သာယာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး (EE) ဦးအောင်မိုးသွင်၊ မီးပွိုင့် ပညာရှင်များနှင့်အတူ ကွင်းဆင်း စစ်ဆေးခဲ့ပြီး မီးပွိုင့်တပ်ဆင်နိုင်ရေးအတွက် ကုန်ကျစရိတ်များကို အလှူရှင် ဒေါ်ခင်ဌေးရီ (ကျောက်စိမ်း-မိသားစု)မှ လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရှိရသည်။    

 

မြင်းခြံမြို့သည် ခရိုင်မြို့ကြီးဖြစ်၍ ရန်ကုန်၊ မိတ္ထီလာမှ လာသောယာဉ်များ၊ ပုဂံ-ညောင်ဦးမှ လာသောယာဉ်များ၊ ပခုက္ကူ-ရေစကြိုမှလာသောယာဉ်များနှင့် မြင်းခြံမြို့နယ်အတွင်းမှ သွားလာကြသည့် ယာဉ်များ အန္တရာယ်ကင်းစေရန် မြို့အဝင် လမ်းဆုံနေရာတွင် မီးပွိုင့်တပ်ဆင်ရန် လိုအပ်၍ ယခုလိုကွင်းဆင်းစစ်ဆေးကြကြောင်း သိရှိရသည်။    

 

ကိုကျော်စွာ(IPRD)