ရွှေကူ    ၂၉   ဧပြီ    

 

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ ပေးအပ်လှူဒါန်းပွဲကို ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ ရွှေကူမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဇာနည်မင်းက မြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်မှုအခြေအနေများကို လည်းကောင်း၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဦးယုက ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းအတွက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်း အခြေအနေများနှင့် စပ်လျဉ်း၍ လည်းကောင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတိုးတိုးဝင်းက ရွှေကူမြို့နယ်အတွင်း ကိုဗစ်−၁၉ ရောဂါနှင့် ပတ်သက်၍ Facility Quarantine ထားရှိမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့သည်။

 

ထို့နောက် ရွှေကူမြို့ အမှတ်(၃)ရပ်ကွက်မှ ဦးမိုးဆွေ+ဒေါ်အိတင်မော် မိသားစုက ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရေးအတွက် ငွေကျပ် သိန်း ၁၀၀ အား ရွှေကူမြို့နယ် ကိုဗစ်−၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်း ဆပ်ကော်မတီထံသို့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ကျော်မျိုးအောင်(ပြန်/ဆက်)