မိုးညို ၃၀ ဧပြီ
ပဲခူးတိုင်းဒေသကြီး၊သာယာဝတီခရိုင်၊မိုးညိုမြို့နယ်တွင် ဧပြီ ၂၈ ရက်၊ ညနေပိုင်းတွင် မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် နေအိမ်ပြိုလဲခြင်း၊ အမိုးလန်ခြင်း၊ တစ်စိတ်တစ်ပိုင်းပျက်စီးခြင်းများ ဖြစ်ပေါ်ခဲ့ရာ ပြန်လည်ထူထောင်နိုင်ရေးအတွက် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တာဝန်ရှိသူများက ထောက်ပံ့ငွေနှင့် ပစ္စည်းများကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် ကျေးရွာအရောက် သွားရောက်ပေးအပ်ခဲ့သည်။
အဆိုပါလေဘေးကြောင့် ရပ်ကွက်(၁)ရပ်ကွက်၊ ကျေးရွာအုပ်စု(၅)အုပ်စု၊ ကျေးရွာ(၈)ရွာတို့မှ ပြိုလဲနေအိမ်(၁၁) လုံးနှင့် အမိုးလန်နေအိမ်(၁၀) လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး ထောက်ပံ့ငွေ ၁၃၁၇၀ဝ၀ ကျပ်၊ ပြိုလဲနေအိမ် (၁၁) လုံးရှိ လူဦးရေ (၅၁) ဦးတို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုး ထောက်ပံ့ငွေ ၁၀၇၁၀ဝ ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ ၁၄၂၄၁၀ဝ ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (ပလပ်စတစ်ပုံး)အပါ (၁၁)အိမ်ထောင်စာ တန်ဖိုးငွေ ၃၈၂၂၈၃ ကျပ် တို့အား အမျိုးသားလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရပ်ကွက်/ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝန်ထမ်းများက ကျေးရွာပြည်သူများ လက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ကိုမင်း(မိုးညို)


