မြိတ် ၃၀ ဧပြီ
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလ၌ စက်ရုံအလုပ်ရုံများအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ အကြံပြုချက်၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်း ရှိမရှိကို လွှတ်တော်ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ ဧပြီ ၂၉ ရက် နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်း၍ စစ်ဆေး ဆောင်ရွက်လျက်ရှိကြသည်။
“စက်ရုံအလုပ်ရုံတွေကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားတဲ့ စက်ရုံအလုပ်ရုံတွေ လိုက်နာဆောင်ရွက်ရမယ့် အချက်အလက်တွေ၊ ကိုဗစ်-၁၉ ကူးစက်ပြန့်နှံမှုမရှိအောင် ကြိုတင်ပြင်ဆင်ဆောင်ရွက် ထားရမယ့်အချက်တွေကို လိုက်နာဆောင်ရွက်ခြင်းရှိမရှိ ကော်မတီအဖွဲ့မှ ကွင်းဆင်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။ သတ်မှတ်ထားတာတော့(၂)ရက် စစ်ဆေးပါ့မယ်။ (၂)ရက်အတွင်းမှာ အဖွဲ့ခွဲပြီးတော့ စက်ရုံစုစုပေါင်း (၆၇)ရုံ စစ်ဖို့ ရွေးချယ်ထားပါတယ်”ဟု စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဖြိုးဇာနည်ဝင်းက ပြောသည်။
စစ်ဆေးရေးအဖွဲ့မှ လိုက်လံစစ်ဆေးရာ၌ မြိတ်မြို့နယ်တွင် စက်ရုံအလုပ်ရုံများအား အဖွဲ့(၂)ဖွဲဖြင့် စစ်ဆေးဆောင်ရွက်လျက်ရှိပြီး စက်ရုံအလုပ်ရုံများတွင် လုပ်ငန်းခွင် အဝင်အထွက်အပေါက်များ၊ ထမင်းစားခန်း၊ နားနေခန်း၊ သန့်စင်ခန်း၊ လက်ဆေးရန်နေရာများတွင် ခြေနင်းဖြင့် အဖွင့်အပိတ်ပြုလုပ်ထားရှိမှု၊ ဝန်ထမ်းများ အလုပ်ဆင်းသည့်အခါလိုက်နာ ဆောင်ရွက်ရမည့် တစ်ယောက်နှင့်တစ်ယောက်(၆)ပေကွာပြီး အလုပ်လုပ်ရမည့် အခန်း၊ အလုပ်ဆိုင်းများခွဲခြားထားရှိမှု၊ ဝန်ထမ်း၏ မိသားစုများ ကျန်းမာရေး အရေးပေါ်ဖြစ်ပါက စက်ရုံအလုပ်ရုံများမှ ကြိုတင်ပြင်ဆင်ထားရှိမှုများ စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
“စက်ရုံအလုပ်ရုံတွေကို ကိုဗစ်-၁၉ ကာလမှာ လည်ပတ်လို့ရအောင် ညွှန်ကြားချက်နဲ့အညီ လုပ်ဆောင် ထားခြင်းရှိမရှိအပိုင်းကို လိုက်ပြီးစစ်ဆေးနေပါတယ်။ သတ်မှတ်ထားတဲ့ကဏ္ဍအနေနဲ့(၃)ခုရှိပါတယ်။ ညွှန်ကြားချက်တွေကို အပြည့်အဝလိုက်နာပြီးတော့ လည်ပတ်လို့ရတဲ့ စက်ရုံတွေရှိနိုင်တယ်။ လုပ်တော့လုပ်ထားတယ်။ အပြည့်အဝ မလုပ်ထားတဲ့စက်ရုံတွေကို ကော်မတီမှ ညွှန်ကြားချက်နဲ့ လိုက်နာသင့်တဲ့အကြောင်းအရာတွေကို သူတို့ကို ရှင်းပြပြီး လည်ပတ်ရမယ့်အပိုင်းတွေရှိတယ်။ နောက်တစ်ခုက လိုက်နာမှုမရှိဘူး။ ကော်မတီအဖွဲ့သွားတဲ့ အခါမှာလည်း ဘာမှပြုပြင်ပြောင်းလဲနိုင်ခြင်း မရှိတဲ့စက်ရုံကို ယာယီပိတ်သိမ်းဖို့ ကဏ္ဍ(၃)ခုနဲ့ ညွှန်ကြားချက်ထဲ မှာပါပါတယ်”ဟု မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဇင်ကိုအောင်က ပြောသည်။
စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးဆောင်ရွက်ရာတွင် စက်ရုံအလုပ်ရုံများမှ ညွှန်ကြားချက်များကို လိုက်နာကာ ဆောင်ရွက်ထားရှိမှုများရှိပြီး တချို့ကဏ္ဍများတွင် သေသေချာချာနားလည်မှုမရှိ၍ ပြုပြင်ဆောင်ရွက်ရမည့် အချက်များကို ဆောင်ရွက်စေခဲ့ကြောင်း၊ လိုအပ်ချက်များကို စက်ရုံအလုပ်ရုံများမှ ပြုပြင်ကာလည်ပတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ညွှန်ကြားချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို ပြုပြင်ဆောင်ရွက်မှုမရှိပါက ယာယီ ပိတ်သိမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း စစ်ဆေးရေးအဖွဲ့မှ သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


