ကလေး ၃၀ ဧပြီ
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဧပြီ ၂၄ ရက်နေ့ အမိန့်ကြေညာစာအမှတ် (၆/၂၀၂၀) ဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ခရီးသည်တင်ယာဉ်များနှင့် အိမ်စီးကားများ တားမြစ်မိန့်ကို ထုတ်ပြန်ထားခြင်းကြောင့် ယခုအခါ ကလေးမြို့ ခရီးသည်တင်ယာဉ်များ ပြေးဆွဲမှု ခေတ္တယာယီ ရပ်နားထားပြီး ကုန်တင်ကားများသာ ပြေးဆွဲခွင့်ပြုထားကြောင်း သိရသည်။
ပြည်သူလူထုအနေဖြင့် ကိုဗစ်-၁၉ အဆုတ်ရောင်ရောဂါ ပြန့်ပွားမှု ကာကွယ်ထိန်းချုပ်ခြင်းလုပ်ငန်းကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်မှတ်ယူပြီး လိုက်နာဆောင်ရွက်သွားနိုင်ရေးအတွက် ယခုကဲ့သို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့က ဤအမိန့်ကို ထုတ်ပြန်ကြေညာခြင်း ဖြစ်သည်။
"တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကုန်တင်ယာဉ်တွေနဲ့ အိမ်စီးကားတွေကလွဲလို့ ဧပြီ ၂၄ ရက် ည ၁၂ နာရီကနေ မေ ၁၇ ရက် ည ၁၂ နာရီအထိ ဝင်/ထွက် သွားလာခွင့်ကို ခေတ္တယာယီ ပိတ်သိမ်းထားကြောင်း ပါရှိပါတယ်။ လက်ရှိအနေအထားအရ ကလေးမြို့မှာ ခရီးသည်တင်ကားတွေပြေးဆွဲမှုရပ်ဆိုင်းထားပြီး ကုန်တင် ကားတွေပဲ ပြေးဆွဲခွင့်ပြုထားပါတယ် " ဟု ကလေးမြို့ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျ ပြေးဆွဲနိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးစိုးဝင်းက ပြောသည်။
ကလေးမြို့တွင် ခရီးသည်ပို့ဆောင်ရေးအနေဖြင့် ရန်ကုန်၊ မန္တလေးမြို့ကြီးများသို့ ပြေးဆွဲသော တပ်ဦးသီတာရပ်ကွက်ရှိ ပင်မယာဉ်ရပ်နားစခန်း(ကားကြီးကွင်း)၊ ချမ်းမြေ့အောင်စည်ရပ်ကွက်ရှိ ကလေးဝ၊ တမူး၊ မော်လိုက်နှင့် မင်းကင်းမြို့နယ်များသို့ ပြေးဆွဲသော ကားလေးကွင်း၊ ချင်းပြည်နယ်မြောက်ပိုင်း တီးတိန်မြို့နှင့် ရိခေါ်ဒါရ်မြို့များသို့ပြေးဆွဲသော ရိလိုင်းယာဉ်ငယ်ကားကွင်းဟူ၍ ကလေးမြို့တွင် ကားကွင်းပေါင်း သုံးကွင်း ရှိကြောင်း သိရသည်။
ချင်းတွင်းသား


