မိုင်းယောင်း ၃၀ ဧပြီ

 

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်သည့်အနေဖြင့် နှစ်ရက်ဆက်တိုက် ပိုးသတ်ဆေးဖျန်းခြင်းကို ဒုတိယနေ့အဖြစ် ဧပြီ ၃၀ ရက်က မြို့နယ်ကြက်ခြေနီအသင်းမှ မော်တော်ယာဉ် နှစ်စီးအသုံးပြုလျက် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့သို့ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ပြည်သူ့စာကြည့်တိုက်၊ မြို့တွင်းဗလမင်းထင်လမ်းမကြီးတစ်လျှောက်၊ တပ်တွင်း အခြေခံပညာအလယ်တန်းကျောင်း၊ အမှတ်(၇)ရပ်ကွက်နှင့် အမှတ်(၈)ရပ်ကွက်အတွင်းရှိ လမ်းများ၊ လမ်းကြားများတို့ကို ပိုးသတ်ဆေးဖျန်းစက်တစ်လုံးဖြင့် လိုက်လံပက်ဖျန်းပေးခဲ့သည်။

 

ထို့အပြင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့်ကာလ မိမိနေအိမ်တွင် နေထိုင်စဉ်အတွင်း ကျန်းမာစွာ နေထိုင်နိုင်ရေး (Healthy Stay at home) အတွက် လိုက်နာဆောင်ရွက်ရန် အချက်များ၊ ရောဂါကာကွယ်ရန် မြို့နယ်၊ ရပ်ကွက်နှင့် ကျေးရွာအတွင်းရှိ ဈေးဆိုင်များ၊ ဈေးများ၊ ဈေးဝယ်သူများနှင့် ဈေးကြီးကြပ်ရေးကော်မတီများ လိုက်နာရမည့်အချက်များနှင့် အဝတ်ဖြင့် ပြုလုပ်သော နှာခေါင်းစည်း(Cloth Face Covering)နှင့် ပတ်သက်၍ သိကောင်းစရာများ၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပါးစပ်နှင့် နှာခေါင်းစည်း(Mask)အမျိုးမျိုး အသုံးပြုခြင်းနှင့် ပတ်သက်၍ သိကောင်းစရာများကိုလည်း တစ်ပြိုင်တည်း နှိုးဆော်အသိပေးခဲ့သည်။

 

ယင်းသို့ ဆောင်ရွက်နေမှုများကို မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီအဖွဲ့ဝင် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးသန့်ဇင်ဦးနှင့် မြို့နယ်ကြက်ခြေနီ အသင်းခွဲ ဥက္ကဋ္ဌ ဒေါ်နန်းဆေးတို့က ကြီးကြပ်ကူညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)

 

mdn