သထုံ   ၃၀   ဧပြီ 

 

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ထိုင်းနိုင်ငံမှ မိမိတို့နေရပ်သို့ ပြန်လာကြမည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ နေရပ်ပြန်ပြည်သူများအား Facility Quarantine ထားစောင့်ကြည့်နိုင်ရန် နေရာ သုံးနေရာ စီစဉ်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

 

သထုံမြို့နယ် ကြာပန်းကျေးရွာ တာယာစက်ရုံဝန်းအတွင်းရှိ စက်မှုသင်တန်းကျောင်း၊ ဂေါ့ကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ်နှင့် မြေနီကုန်းကျေးရွာရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းတို့တွင် နေရပ်ပြန်ပြည်သူ စုစုပေါင်း ၃၇၆ ဦး ထားရှိစောင့်ကြည့်နိုင်ရန် ပြင်ဆင်ထားကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောညီညီထွေးက ပြောသည်။

 

နေရပ်ပြန်ပြည်သူများကို ကျား/မ သီးသန့်စီ ခွဲခြားထားရှိသွားမည်ဖြစ်ပြီး စောင့်ကြည့်ကာလအတွင်း Quarantine Centre များကို ကြီးကြပ်ရန် ဌာနဆိုင်ရာအကြီးအကဲများအား တာဝန်ခွဲဝေချထားပေးကာ နေ့စဉ် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် စားသောက်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့၏ သတ်မှတ်နှုန်းထားအလိုက် တာဝန်ရှိသူတို့က စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

 

နေရပ်ပြန်သူများ ရောက်ရှိလာပါကအသင့် နေထိုင်နိုင်ရန် Facility Quarantine Centre များ၌ ပိုးသတ်ဆေးဖျန်းခြင်း၊ နေရာခင်းကျင်းခြင်း၊ သန့်ရှင်းရေး၊ သောက်သုံးရေနှင့် အိမ်သာစသည်တို့ စနစ်တကျ ရှိစေရန် ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များ၊ ရဲတပ်ဖွဲ့ မီးသတ်တပ်ဖွဲ့နှင့် လူမှုကူညီရေး ပရဟိတအဖွဲ့များ ပူးပေါင်းကာ ပြင်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

 

သက်ဦး(သထုံ)