ဖျာပုံ ၃၀ ဧပြီ
ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ခံရမှုမရှိစေရန် ဧရာဝတီတိုင်းဒေသကြီး ဖျာပုံခရိုင်၊ ဖျာပုံမြို့၌ ည ၁၀ နာရီမှ နောက်တစ်နေ့နံနက် ၄ နာရီအထိ ညမထွက်ရ ဒေသန္တရအမိန့် အမှတ် (၂/၂၀၂၀) အား ထုတ်ပြန်ခဲ့ရာဖောက်ဖျက်ခဲ့သူ ၁၂ ဦးအား အလုပ်မဲ့ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ညမထွက်ရအမိန့်ကို ဧပြီ ၂၃ ရက်မှ စတင်ထုတ်ပြန်ခဲ့ပြီး ခရိုင်၊မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဆောင်သည့် ရဲတပ်ဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ညစဉ်ပိတ်ဆို့စစ်ဆေးခြင်း၊ လှည့်ကင်း၊ ဝပ်ကင်းများ ဆောင်ရွက်လျက်ရှိရာ ဧပြီ ၂၃ ရက်နေ့တွင်(၆)ဦး၊ ၂၄ရက်နေ့တွင် (၁)ဦး၊ ၂၇ရက်နေ့တွင်(၁)ဦး၊ ၃၀ရက်နေ့တွင်(၄)ဦး စုစုပေါင်း(၁၂)ဦးတို့သည် သက်ဆိုင်ရာ၏ ခွင့်ပြုချက် တစ်စုံတစ်ရာမပါရှိဘဲ သွားလာနေသည်ကို တွေ့ရသဖြင့် ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းစိုးက တရားရုံးသို့ ဦးတိုက်လျှောက်ထားခဲ့ရာ မြို့နယ်တရားရုံးက ရာဇသတ်ကြီးပုဒ်မ-၁၈၈အရ အလုပ်မဲ့ထောင်ဒဏ်တစ်လစီ ချမှတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဒေသန္တရအမိန့်ဖောက်ဖျက်ကျူးလွန်သူများသည် အမျိုးသားများဖြစ်ပြီး ၁၅ ရပ်ကွက်၊ ၁၉ ရပ်ကွက်၊ အပြောင်ကျေးရွာ၊ ဒေါ်ညိမ်းကျေးရွာနှင့် နောက်မီးကျေးရွာတို့မှဖြစ်ကြောင်း သိရသည်။
အောင်ဝင်းနိုင်(ခရိုင်ပြန်/ဆက်)


