မန္တလေး ၃၀ ဧပြီ
မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ချက် လိုက်နာမှုရှိသည့် စက်ရုံပေါင်း ၂၈၀ ကို ခွင့်ပြုပေးထားကြောင်း ကိုဗစ်-၁၉ သတင်းမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ခြင်း သတင်းစောင့်ကြည့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဉီးစိုင်းပန်းဆိုင် (မန္တလေးတိုင်းဒေသကြီး ရှမ်းတိုင်းရင်းသားလူမှုရေးရာဝန်ကြီး)က ပြောသည်။
ယနေ့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လွှတ်တော်ရုံးဟောင်းတွင် ကျင်းပပြုလုပ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကာလ မန္တလေးတိုင်းအတွင်း ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ဆောင်ချက်နှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
“ဧပြီလ ၃၀ ရက်အထိ စက်ရုံပေါင်း ၃၉၉ ရုံကို စစ်ဆေးပြီးပါပြီ၊ အဲဒီအထဲက ၂၈၀ ကို ခွင့်ပြုပေးထားပါတယ်။ စစ်တဲ့အချိန်မှာ စားသောက်ကုန်ထုတ်လုပ်ရေး ဆေးနဲ့ဆေးပစ္စည်း ထုတ်လုပ်ရေးကို ဦးစားပေးစစ်ဆေးခဲ့ပါတယ်” ဟု ကိုဗစ်-၁၉ သတင်းမှားဖြန့်ဝေသူများ ရှာဖွေဖော်ထုတ်ခြင်း သတင်းစောင့်ကြည့်ရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ က ပြောသည်။
မန္တလေးတိုင်းတွင် အသေးစား အလတ်စား စက်ရုံပေါင်း ၈၁၃၀ ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် သတ်မှတ်ချက် လိုက်နာမှုရှိ၊ မရှိ စက်ရုံများကို ဧပြီလ ၂၅ ရက်မှ စတင်စစ်ဆေးကာ ခွင့်ပြုပေးနေခြင်းဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် စက်ရုံပေါင်း ၂၈၀ ကို ဖွင့်ခွင့်ပြုထားပြီး အလုပ်သမား ၁၃၅၀၀ ခန့် လုပ်ငန်းခွင် ဝင်ရောက်နေပြီဖြစ်ကြောင်း သိရသည်။
မေသက်ထား


