မင်းဘူး   ၃၀   ဧပြီ

 

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် ခရုကန်ကျေးရွာအုပ်စု ခရုကန်ကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာအသုံးပြုနိုင်စေရန် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက မြေသားရေကန်တိုးချဲ့တူးဖော်ခြင်းနှင့် ရေပိုလွှဲတည်ဆောက်လျက်ရှိရာ လုပ်ငန်း ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးပါကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

ခရုကန်ကျေးရွာသောက်သုံးရေရရှိရေးအတွက် အလျားပေ ၈၀ဝပေ၊ အနံပေ ၂၀ဝပေ၊ အနက်ပေ ၅ ပေ နှင့် အလျား ၆၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၄ ပေရှိ ရေပိုလွှဲတည်ဆောက်ခြင်းလုပ်ငန်းတို့ကို ၂၀၁၉-၂၀၂၀ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခွင့်ပြုရန်ပုံငွေကျပ် ၄၂ ဒသမ ၅၉၃ သန်းဖြင့်  ဌာနမှအင်ဂျင်နီယာများစုဖွဲ့ကာ ဇန်နဝါရီလ ၁ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကာ ယခုအခါလုပ်ငန်းများ ၉၅ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီပြီဖြစ်ကြောင်း သိရသည်။

 

"ယင်းခရုကန်ကျေးရွာသည် မင်းဘူးမြို့၏ အနောက်တောင်ဘက် ၂၅ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၃၆၉ အိမ် လူဦးရေ ၁၅၄၂ ဦးခန့်နေထိုင်ကာ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြသည်။ ကန်ကိုပြုပြင်ခြင်းမရှိသည်မှာ ကြာမြင့်ပြီဖြစ်၍ နုန်းမြေများမြင့်တက်လာကာ ရေသိုလှောင်နိုင်သည့်ပမာဏ လျော့နည်းလာသည့်အတွက် ဒေသခံပြည်သူများမှ တင်ပြခဲ့၍ ယခုလိုကန်ကို ပြန်လည်တိုးချဲ့တူးဖော်ပေးခြင်းဖြစ်ပါတယ်"ဟု ခရုကန်ကျေးရွာနေ ဦးလှအောင်ထံမှ သိရသည်။

 

အဆိုပါမြေသားရေကန်တူးဖော်ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၆၉ အိမ်၊ လူဦးရေ ၁၅၄၂ ဦးနှင့် ကျွဲနွားတိရစ္ဆာန်များပါ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း မင်းဘူးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင့်လွင်ဦးကပြောပြ၍ သိရသည်။

 

သူရိန်(မင်းဘူး)