မန္တလေး ၃၀ ဧပြီ 

 

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေးလုပ်ငန်းများနှင့် ပတ်သက်၍ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဆောင်ရွက်ချက်များအား သတင်းမီဒီယာများနှင့် တွေ့ဆုံရှင်းလင်းပွဲကို ဧပြီ ၃၀ ရက် နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမတွင် ကျင်းခဲ့သည်။

 

အဆိုပါတွေ့ဆုံရှင်းလင်းပွဲတွင် မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှားများဖြန့်ဝေသူများအား ရှာဖွေဖော်ထုတ်၍ သတင်းစောင့်ကြည့်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအတွက် ပြည်သူများ၏ ပါဝင်ကူညီထောက်ပံ့မှုဖြင့် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် တိုင်းဒေသကြီးအတွင်း၌ ရောဂါဖြစ်ပွားသည့် Positive လူနာဦးရေမှာ အလွန်နည်းပါးသည်ဟု ပြောလိုပါကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဖေဖော်ဝါရီ ၂၈ ရက်နေ့ကတည်းကစ၍ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင် ဥက္ကဋ္ဌအဖြစ်ပါဝင်သည့် တိုင်းဒေသကြီးအဆင့် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ (SRT) ကို ဖွဲ့စည်းကာ ကြိုတင်ပြင်ဆင်မှုများ လုပ်ဆောင်ခဲ့ပါကြောင်း။

 

ထို့ပြင် ဧပြီ ၇ ရက်နေ့တွင် တိုင်းဒေသကြီးအဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီကို လုပ်ငန်းကော်မတီ ခုနစ်ခုဖြင့်ဖွဲ့စည်းကာ ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း သင်္ကြန်မတိုင်ခင် အချိန်မှစ၍ ယနေ့အချိန်အထိ တားမြစ်မိန့်ပေါင်း ခြောက်ကြိမ်ထုတ်ပြန်၍ လူစုလူဝေးဖြစ်ပေါ်မှုကြောင့် ရောဂါကူးစက်မှုမရှိစေရန် ရည်ရွယ်၍ ကာကွယ်တားဆီးရေးလုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြောင်း၊ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါအခြေအနေကြောင့် လုပ်ငန်းများရပ်ဆိုင်းခဲ့ရသည့် စက်ရုံအလုပ်ရုံများရှိ အခြေခံလူတန်းစားများ အခက်အခဲမဖြစ်ပေါ်စေရန် နိုင်ငံတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်များနှင့် ကိုက်ညီသော ဆောက်လုပ်ရေးလုပ်ငန်းများကို ဦးစားပေးအဆင့်အလိုက် ပြန်လည်ဖွင့်လှစ်ပေးရန် စတင်ဆောင်ရွက်လျက်ရှိပါကြောင်း။

 

ထို့ပြင် မန္တလေးမြို့သို့ ပြည်ပမှ ပြန်ဝင်လာသူများ၊ ပြည်တွင်းခရီးစဉ် ရန်ကုန်မြို့မှ ပြန်လည်ဝင်ရောက်သူများ၊ သင်္ကြန်ရုံးပိတ်ရက်အတွင်း နေရပ်သို့ ပြန်သွားကြပြီး ပြန်လည်ဝင်ရောက်လာသည့် ဝန်ထမ်းများနှင့် ကိုဗစ်-၁၉ ရောဂါ Positive လူနာများနှင့် ထိတွေ့ခဲ့သူများကို ထားရှိရန်အတွက် Quarantine စင်တာ ရှစ်နေရာ စီစဉ်ထားကြောင်း၊ ၎င်းနေရာများအနက် လက်ရှိတွင် ဧပြီ ၂၉ ရက်နေ့အထိ စာရင်းများအရ ပြည်ပမှ ပြန်လည်ဝင်ရောက်လာသူများအား ထားရှိသည့် သံဃာ့ဆေးရုံတွင် ၅၆ ဦး၊ ရန်ကုန်မှ မန္တလေးမြို့သို့ ပြန်လည်ရောက်ရှိလာသည့် ပြည်သူများအား ထားရှိသည့် အား/ကာ သိပ္ပံတွင် ၉၅ ဦး၊ သင်္ကြန်အတွင်း နေရပ်ပြန်သွားကြသည့် ဝန်ထမ်းများအတွက် ထားရှိသည့် မန္တလာဒီဂရီကောလိပ်တွင် ၂၀၇ ဦး၊ ရန်ကုန်မြို့မှ ပြန်လည်ရောက်ရှိလာသည့် အမျိုးသမီးဝန်ထမ်းများအတွက် သီးသန့်ထားရှိသည့် သူနာပြုတက္ကသိုလ်တွင် ၃၁ ဦး၊ ရန်ကုန်ပြန် အမျိုးသားဝန်ထမ်းများအတွက် သီးသန့်ထားရှိသည့် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်တွင် ၈ ဦးရှိသည့်အပြင် မိမိကုန်ကျစရိတ်ဖြင့် သတ်မှတ်ထားသည့် ဟိုတယ်များတွင် Quarantine ဝင်ရောက်နေသူများအနက် ရွှေပြည်သာဟိုတယ်တွင် ၁၉ ဦးနှင့် Royal Mingalar Hotel တွင် ၁၈ ဦးရှိကြောင်း၊ Positive လူနာများနှင့် ထိတွေ့သူများအား Quarantine   ထားရှိရန် နေရာအဖြစ်သတ်မှတ်ထားသည့် နဒီမြန်မာဟိုတယ်တွင် ၁၅ ဦးရှိကြောင်း၊ ထို့ပြင် မန္တလေးတိုင်းဒေသကြီးအတွင်းမှ တရုတ်နိုင်ငံသို့ အလုပ်သွားရောက်လုပ်ကိုင်သူ ၈၂၃၉ ဦးရှိပြီး ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်သူ ၂၈၃၃၄ ဦးရှိပြီး စုစုပေါင်း ၃၆၅၇၃ ဦးရှိပြီး ပြန်လည်ဝင်ရောက်လာသူစာရင်းမှာ ဧပြီ ၂၈ ရက်အထိ ၂၁၃၁၃ ဦးရှိနေကြောင်း၊ ထို့ကြောင့် ၎င်းတို့အတွက် မန္တလေးတိုင်းဒေသကြီး ခုနစ်ခရိုင်၌ Quarantine  စင်တာ ၁၀၇၃ နေရာ ပြင်ဆင်ထားပြီး ဝင်ဆံ့နိုင်သည့် လူဦးရေမှာ ၃၉၆၃၃ ဦးရှိကြောင်း၊ ထို့ပြင် မန္တလေးခရိုင်အတွင်း၌လည်း ပြည်ပပြန်များထားရှိရန် လက်ရှိပြင်ဆင်ထားရှိသည့် Quarantine စင်တာများအပြင် မန္တလေးတောင်ခြေရှိ စက်မှုလက်မှု သင်တန်းကျောင်းတွင် လူဦးရေ ၈၄ ဦး ထားရှိနိုင်မည့် Quarantine  စင်တာနှင့် အထက်မြန်ပြည်ဗဟိုဝန်ထမ်း တက္ကသိုလ်တွင် လူဦးရေ ၁၅၀၀ ထားရှိနိုင်မည့် Quarantine  စင်တာများလည်း တိုးချဲ့ပြင်ဆင်ထားကြောင်း ပြောကြားသည်။

 

ဆက်လက်၍ မန္တလေးမြို့တွင် ကိုဗစ်-၁၉ ရောဂါစစ်ဆေးသည့် ဓာတ်ခွဲခန်းထားရှိရန် ၃၅ လမ်း၊ ၆၄ လမ်းနှင့် ၆၆ လမ်းကြားရှိ FDA ရုံးခန်းအား ဧပြီ ၇ ရက်မှ စတင်ပြုပြင်လျက်ရှိရာ မေလ နောက်ဆုံးပတ်မှစတင်၍ အထက်မြန်မာပြည်အတွက် ကိုဗစ်-၁၉ ရောဂါအား ဓာတ်ခွဲစမ်းသပ် စစ်ဆေးနိုင်တော့မည်ဖြစ်ကြောင်း၊ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးတွင် ကိုဗစ်-၁၉ ရောဂါအတွက် စောင့်ကြည့်ကုသလူနာထားရှိရန် ခုတင် ၇၀ အား မူလက ပြင်ဆင်ထားရှိကြောင်း၊ ကျန်းမာရေးဌာန၏ သမားတော်များ၏ ယူဆချက်မှာ ကိုဗစ်-၁၉ ရောဂါ Positive လူနာတစ်ဦးကို ရိုးရိုးဖျားနာကုသဆောင်အခန်းတွင် ထားရှိမိမည်ကို စိုးရိမ်ပါကြောင်း၊ ကူးစက်မှုဖြစ်ပေါ်မည်ကို စိုးရိမ်ကြောင်း၊ ထို့ကြောင့် ဆေးရုံကြီး OPT ဌာနသို့ လာရောက်ပြသကြသည့် လူနာများကို စမ်းသပ်ချက်ကြောင့် ကိုဗစ်-၁၉ ရောဂါနှင့် ပုံစံတူလက္ခဏာရှိပါက စစ်ဆေးနိုင်ရန် စောင့်ကြည့်လူနာစာရင်းသို့ သတ်မှတ်ခဲ့ရာ အဆိုပါ လူနာသေဆုံးသွားပါက ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသည်ဟု မှတ်ယူခြင်းခံရကြောင်း၊ အမှန်တကယ်မှာ လူနာ၏ နဂိုဖြစ်ပေါ်နေသည့် ရောဂါအခံကြောင့် သေဆုံးသွားခြင်း ဖြစ်ပါကြောင်း။

 

ထို့ကြောင့် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆေးရုံကြီးသို့ လာရောက်ကုသကြသူများအနက် အသက် ၆၀ ကျော် ရောဂါအခံရှိသည့် လူနာများကို သီးသန့်ထား၍ စောင့်ကြည့်ကုသရန် အကြံပြုချက်အရ ယခုအခါတွင် စောင့်ကြည့်လူနာ ၇၂ ဦး ထပ်မံထားရှိကုသနိုင်ရန် ခုတင်များ စီစဉ်ထားပြီးဖြစ်ကြောင်းကို သတင်းစကားပါး လိုကြောင်း၊ ထို့ပြင် ကန်တော်နဒီဆေးရုံတွင် လက်ရှိ Positive လူနာထားရှိရန် ခုတင်နေရာ ၇၀ စီစဉ်ထားပြီး ၎င်းနေရာများအနက် ၁၀ ခုတင်၌ ICU လူနာကုသရန်အတွက် ပြင်ဆင်ထားကြောင်း၊ တိုင်းဒေသကြီးအတွင်းရှိ အခြေခံလူတန်းစား အိမ်ထောင်စု ၆၅၉၉၂၃ ဦးအနက် နိုင်ငံတော်မှထောက်ပံ့သည့် ပစ္စည်းငါးမျိုး၏ ကုန်ကျစရိတ်မှာ သန်းပေါင်း ၇၈၈၄ သန်းရှိပြီး အိမ်ထောင်စု တစ်စုချင်းစီအတွက် ခန့်မှန်းထောက်ပံ့ငွေ တစ်သောင်းတစ်ထောင်နှစ်ရာနှုန်း ကုန်ကျကြောင်း၊ ထပ်မံ၍ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် ထောက်ပံ့နိုင်ရန် စီမံချက်များရေးဆွဲ၍ စီစဉ်ဆောင်ရွက်နေကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း၌ စက်ရုံအလုပ်ရုံပေါင်း ၈၁၃၁ ရုံရှိပြီး အဆိုပါစက်ရုံအလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဧပြီ ၂၅ ရက်မှစတင်၍ စားသောက်ကုန်ထုတ်လုပ်သည့် စက်ရုံများကို ဦးစားပေးစစ်ဆေးခဲ့ရာ လက်ရှိတွင် ဧပြီ ၂၉ ရက်အထိ စက်ရုံအလုပ်ရုံပေါင်း ၃၃၉ ရုံ စစ်ဆေးပြီးဖြစ်ပါကြောင်း။

 

ထို့ပြင် ကိုဗစ်-၁၉ ရောဂါကာလအတွင်း လက်ရှိအချိန်အထိ ကျန်းမာရေးဝန်ကြီးဌာနနှင့် ဒေသန္တရဆိုင်ရာ သတ်မှတ်ထားသည့် အမိန့်ညွှန်ကြားချက်များ ဖောက်ဖျက်ကျူးလွန်မှုကြောင့် အရေးယူခံရသည့်စာရင်းမှာ ၈၃ မှုရှိခဲ့ကြောင်း၊ လက်ရှိတွင် မန္တလေးတိုင်းဒေသကြီးအတွင်း၌ စက်ရုံ၊ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် အခြေခံလူတန်းစားများ တပ်ဆင်ရန် လျော်ဖွတ်အသုံးပြုနိုင်သည့် Mask အရေအတွက် ၁၀ သိန်းကို တိုင်းဒေသကြီးအစိုးရ အစီအစဉ်အနေဖြင့် ချုပ်လုပ်နေပြီး Mask တစ်ခုလျှင် ၁၅၀ ကျပ်နှုန်းဖြင့် သတ်မှတ်ရောင်းချပေးသွားမည်ဖြစ်ပြီး အဆိုပါစက်ရုံ၊ အလုပ်ရုံများတွင် နီးကပ်စွာ လုပ်ငန်းလုပ်ကိုင်ကြသည့် လုပ်သားများအတွက် မျက်နှာကာရံသည့် ပစ္စည်းအရေအတွက် ငါးသောင်းကို မှာယူထားကြောင်း ပြောကြားခဲ့သည်။

 

ထို့နောက် တက်ရောက်လာကြသည့် သတင်းမီဒီယာများမှ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ကြရာ မန္တလေးတိုင်းဒေသကြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ သတင်းမှန်ပြန်ကြားရေးနှင့် သတင်းမှားများ ဖြန့်ဝေသူများအား ရှာဖွေဖော်ထုတ်၍ သတင်းစောင့်ကြည့်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရှမ်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြန်လည်ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။

 

မင်းထက်အောင်(မန်းကိုယ်ပွား)