၃၀ ဧပြီ

 

ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကိုရိုနာဗိုင်းရပ်စ်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ရန်အတွက် အရေးပေါ်အခြေအနေကို နောက်တစ်လတိုးဖို့ရှိကြောင်း ဒေသတွင်းသတင်းစာတွေမှာ ဒီကနေ့ ရေးသားထားပါတယ်။

 

ဧပြီ ၇ ရက်နေ့က အရေးပေါ်အခြေအနေကို ဒေသ(၇)ခုမှာ စတင်ကြေညာခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ သတ်မှတ်ခဲ့ပါတယ်။

 

တစ်လတာအဖြစ် သတ်မှတ်ခဲ့တဲ့ အရေးပေါ်အခြေနေဟာ လာမယ့်သီတင်းပတ်မှာ ပြီးဆုံးမှာဖြစ်တဲ့အတွက် ဝန်ကြီးချုပ်အနေနဲ့ မေလကုန်အထိ သို့မဟုတ် နောက်တစ်လပြည့်မယ့် ဇွန် ၆ ရက်နေ့အထိ အရေးပေါ်အခြေအနေအဖြစ် ဆက်လက်သတ်မှတ်ချင်ကြောင်း သိရပါတယ်။

 

ဒီနေ့ကျင်းပတဲ့ လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးချုပ်အာဘေးက နိုင်ငံရဲ့ ကျန်းမာရေးဌာနကြီးက အခက်အခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။ မနေ့ကလည်း လွှတ်တော်အမတ်တွေကို ဝန်ကြီးချုပ်က ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အသစ်တွေ ရှိနေသေးကြောင်း၊ နိုင်ငံဟာ ခက်ခဲတဲ့အခြေအနေနဲ့ ဆက်လက်ရင်ဆိုင်ရဦးမှာလို့ သူထင်ကြောင်း၊ နိုင်ငံရဲ့အရေးပေါ်အခြေအနေကို မေ ၆ ရက်မှာ ပြီးဆုံးမလား။ ဆက်တိုးမလားဆိုတာ ဆုံးဖြတ်ရမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

ပြည်နယ်အုပ်ချုပ်ရေးမှူးတွေကတော့ နိုင်ငံတော်အရေးပေါ်အခြေအနေကို ဆက်လက်ထားရှိရေးကို ထောက်ခံကြောင်း အသံပြုထားပါတယ်။ ကျောင်းတွေဟာ ဧပြီလမှာ ပြန်ဖွင့်လေ့ရှိပေမယ့် စက်တင်ဘာလမှ ပြန်စရန် ပြည်နယ်အုပ်ချုပ်ရေးမှူးတွေက အကြံပြုထားပါတယ်။ နိုင်ငံတော်တော်များများရှိ ကျောင်းတွေဟာ မတ်လကစပြီး ဗိုင်းရပ်စ်ပိုးကြောင့် ပိတ်ထားခဲ့တာကို တွေ့ရပါတယ်။

 

ဂျပန်နိုင်ငံက ဗိုင်းရပ်စ်ပျံ့နှံ့မှုဟာ ဉရောပနိုင်ငံတွေနဲ့ အမေရိကန်နိုင်ငံထက်စာရင် နည်းပါးတာကို တွေ့ရပါတယ်။ ဒီနေ့ ထုတ်ပြန်ချက်အရ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၄,၀၀၀ ဦးရှိပြီး သေဆုံးသူ ၄၁၅ ဦးသာရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP