၃၀ ဧပြီ
ဒုတိယကမ္ဘာစစ်ပြန် ဗြိတိန်စစ်သားဟောင်းကြီး အသက် ၁၀၀ ပြည့်မွေးနေ့ရှင် တွမ်မိုးလ် အား ဒုတိယကမ္ဘာစစ် အခမ်းအနားတွေမှာ တက်ရောက်လေ့ရှိတဲ့ ဘုရင့်လေတပ်က Spitfire နဲ့ Hurricane အမည်ရှိ လေယာဉ်နှစ်စီးက တွမ်မိုးလ်နေထိုင်ရာ အိမ်အပေါ်ကနေ ဒီနေ့နံနက်အစောပိုင်းက ပျံသန်း ဂုဏ်ပြုကြောင်း သိရပါတယ်။
ဘုရင်မကြီး က စစ်ပြန်ကြီးအား မျိုးဆက်သစ်၊ မျိုးဆက်ဟောင်း တွေကို အားကျအောင် စိတ်ဓါတ် ခွန်အားပေးတဲ့သူလို့ ခေါ်ပြီး “ဂုဏ်ပြုခံဗိုလ်မှူး”အဖြစ် ခန့်အပ်ခဲ့တဲ့အတွက် အခုလို လေတပ်က ဂုဏ်ပြုတာလို့ စစ်တပ်ရဲ့ ကြေညာချက်မှာ ပါရှိပါတယ်။
တွမ်မိုးလ်အတွက် မွေးနေ့ဆုတောင်းကတ်ပြားတွေကို လူပေါင်း ၁၄၀,၀၀၀ က ပို့ဆောင်ခဲ့ကြောင်း သိရပါတယ်။ မွေးနေ့ဆုတောင်းသူတွေထဲမှာ ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်၊ အိမ်ရှေ့မင်းသား ချားလ်စ်၊ အင်္ဂလန်ဘောလုံးအသင်း ခေါင်းဆောင် ကိန်း တို့လည်း ပါဝင်ကြောင်း သိရပါတယ်။
မိုးလ်က ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ရှေ့တန်းက ပါဝင်နေတဲ့ ကျန်းမာရေးလုပ်သားတွေ အတွက် အလှူငွေကို အွန်လိုင်းကနေ ကောက်ခံခဲ့ရာ စတာလင်ပေါင် သန်း ၃၀ ကျော် ( အမေရိကန် ဒေါ်လာ ၃၇ သန်း ) ရရှိခဲ့ကြောင်း သိရပါတယ်။
ဗိုလ်ကြီးတွမ်မိုးလ်ဟာ ဒုတိယကမ္ဘာစစ်အတွင်းမှာ အိန္ဒိယနဲ့ မြန်မာနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်ဖူးသူဖြစ်ပါတယ်။ လက်ရှိနေထိုင်တဲ့ အင်္ဂလန်နိုင်ငံ ဘတ်ဖို့ဒ်ရှိုင်းယားက သူ့နေအိမ်ရှိ ၂၅ မီတာအရှည်ပန်းခြံ အတွင်းမှာ အခေါက်ရည်တစ်ရာပြည့်အောင် လမ်းလျှောက်ခဲ့ပါတယ်။ ဒီလိုသူလုပ်ဆောင်တဲ့အတွက် သူ့ကိုယ်စား ကိုရိုနာဗိုင်းရပ်စ်ပိုးတိုက်ဖျက်ပေးနေတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို အလှူငွေပေးပါလို့ မေတ္တာရပ်ခံလိုက်တာဖြစ်ပါတယ်။
ဧပြီ ၃၀ ရက်၊ ဒီနေ့ဟာ မိုးလ်ရဲ့ အသက် ၁၀၀ ပြည့်မွေးနေ့ဖြစ်ပါတယ်။ မိုးလ်ရဲ့ မူလ ရည်မှန်းချက်က ကျန်းမာရေးဝန်ထမ်းတွေအတွက် ပေါင် ၁၀၀၀ လှူဒါန်းပေးရန်သာဖြစ်ပါတယ်။ အခေါက် ၁၀၀ အား လမ်းလျှောက်အကူပစ္စည်းကို အသုံးပြုပြီးလျှောက်ပါ့မယ်။ကျန်းမာရေးဝန်ထမ်းတွေအား အလှူငွေပေးပါ လို့ အွန်လိုင်းမှာ မေတ္တာရပ်ခံလိုက်ရာ လူထုက သူ့ကိုယ်စား စတာလင်ပေါင်သန်းချီပြီး လှူဒါန်းပေးတာဖြစ်ပါတယ်။
MDN
ကိုးကား - AFP