နွားနို့ကို ကလေး၊ လူကြီး မရွေး တော်တော်များများ ကြိုက်ကြပါတယ်။ အရသာလည်း ရှိသလို အားလည်း ဖြစ်တယ်။ လူတစ်ယောက်မှာ လိုအပ်တဲ့ အာဟာရဓာတ်တွေလည်း အများအပြား ပါဝင်တယ်။ ကလေးတွေဆိုရင်လည်း ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေပါတယ်။ နွားနို့ကတော့ လူကြိုက် အများဆုံးဖြစ်ပြီး ဆိတ်နို့၊ သိုးနို့ အပြင် ပဲနို့တွေဟာလည်း ကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ပေးစွမ်းနိုင်ပါတယ်။

 

နွားနို့ရဲ့ ကောင်းကျိုး အဖြာဖြာက ဘာတွေလဲ

 

၁။ အာဟာရဓာတ် ကြွယ်ဝတယ်

 

နွားနို့မှာ ကယ်လိုရီ၊ ပရိုတင်းဓာတ်၊ အဆီဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ဗီတာမင် B12 ၊ ဗီတာမင် အေ၊ ဒီ၊ အီး၊ မဂ္ဂနီဆီယမ်ဓာတ်၊ ဇင့်ဓာတ်၊ Omega-3 fatty acid အပြင် ပိုတက်စီယမ်ဓာတ်၊ ဆယ်လီနီယမ် ဓာတ်တွေ အများအပြားပါဝင်ပါတယ်။

 

၂။ ရောဂါတစ်ချို့ကို ကာကွယ်ပေးနိုင်တယ်

 

နွားနို့မှာ ပါဝင်တဲ့ Omega-3 fatty acid ဟာ နှလုံးရောဂါနဲ့ ဆီးချိုရောဂါ ဖြစ်နိုင်ခြေကို လျှော့ချပေးသလို ဗီတာမင်အီး လိုမျိုး ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေဟာလည်း ကိုယ်တွင်းအင်္ဂါ ရောင်ရမ်းခြင်းကို သက်သာစေတယ်။

 

၃။ ပရိုတင်းဓာတ် ပါဝင်မှုများတယ်

 

ခန္ဓာကိုယ်က ကြွက်သားထု တက်ဖို့၊ ကိုယ်ခံအား ကောင်းစေဖို့၊ တစ်နေ့တာ ကုန်ဆုံးသွားတဲ့ အားအင်တွေ ပြန်လည်ဖြည့်တင်းပေးဖို့ ပရိုတင်းဓာတ်တွေ လိုအပ်ပါတယ်။ လေ့ကျင့်ခန်း၊ အားကစား လုပ်နေတဲ့သူတွေ အတွက် ကြွက်သား ဆုံးရှုံးမှု မဖြစ်စေသလို ကိုယ်အလေးချိန်ကိုလည်း ဟန်ချက် ညီအောင် ထိန်းညှိပေးပါတယ်။

 

၄။ အရိုးကျန်းမာရေးအတွက် အထူးကောင်းတယ်

 

ကယ်လ်စီယမ်ဓာတ်နဲ့ ဗီတာမင် ဒီဟာ အရိုးတွေကို ကြံ့ခိုင်သန်စွမ်းစေပြီး အရပ်ကို ရှည်လာစေတယ်။ သွားတွေကိုလည်း ခိုင်မာစေပြီး အလွယ်တကူ ကျိုးပဲ့ခြင်း မဖြစ်စေဘူး။ အသက်ကြီးလာတဲ့အခါ အမျိုးသမီးများ ကြုံရတတ်တဲ့ အရိုးပါးရောဂါတွေနဲ့ တခြားသော အရိုးအဆစ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

 

၅။ ဝိတ်ချနေတဲ့သူရော၊ ဝိတ်တက်ဖို့ ကြိုးစားနေတဲ့သူအတွက်ပါ အဆင်ပြေတယ်

 

ကိုယ်အလေးချိန် တက်ဖို့ ကြိုးစားနေသူတွေအတွက် လိုအပ်တဲ့ အဆီဓာတ်၊ ပရိုတင်းဓာတ်တွေ ဖြည့်ပေးတယ်။ အစားအစာအပြင် နွားနို့ပါ တွဲသောက်ပေးမယ်ဆိုရင် ကြွက်သားတက်တာ ပိုမြန်တယ်။ ဝိတ်ချတဲ့သူတွေမှာ လေ့ကျင့်ခန်း ပြင်းပြင်းထန်ထန် လုပ်ရတဲ့အတွက် ကုန်ဆုံးသွားတဲ့ အားအင်တွေကို ပြန်ဖြည့်ပေးဖို့ ပရိုတင်းဓာတ်က မရှိမဖြစ် အရေးပါပါတယ်။

 

၆။ မျက်စိကိုလည်း အားကောင်းစေတယ်

 

ဗီတာမင် အေ အပြင် ဓာတ်တိုးဆန့်ကျင်ပစ္စည်းတွေ ပါဝင်မှုကြောင့် မျက်စိအမြင်အာရုံကို ကောင်းမွန်စေပြီး တစ်နေ့လုံး ကွန်ပျူတာ၊ ဖုန်းနဲ့ မျက်စိမခွာ ကြည့်နေသူတွေ သောက်ပေးသင့်ပါတယ်။

 

ဒီတော့ နွားနို့ကို အများကြီး မဟုတ်ရင်တောင် အိပ်ခါနီး တစ်ခွက်လောက်ဖြစ်ဖြစ် သောက်ပေးသင့်တယ်နော်။ ကျန်းမာရေးအတွက်သာမက အရေပြားကိုလည်း လှစေသလို အာဟာရဓာတ်လည်း ပေါကြွယ်ဝလို့ အသက်အရွယ်မရွေးဖို့ သောက်နိုင်ပါတယ်နော်။

 

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

 

ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

 

“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဖက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် https://hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်”