မန္တလေး ၁ မေ
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီပိတ်ခိုင်းထားသည့် စက်ရုံများထဲမှ စက်ရုံ အလုပ်ရုံ အရေအတွက် ၂၈၀ ကိုစိစစ်၍ ပြန်ဖွင့်ခွင့်ပြုထားကြောင်း မန္တလေးတိုင်း အစိုးရအဖွဲ့ သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
မန္တလေးတိုင်းအတွင်း၌ ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်းအဖွဲ့များက စစ်ဆေး၍ ဖွင့်လှစ်ခွင့်ပြုပေး ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဧပြီလ ၂၉ ရက် က မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ခဲ့သည့်ဒေသန္တရအမိန့်တွင် ကျန်းမာ ရေး နှင့် အားကစား ဝန်ကြီးဌာန ၏ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များနှင့် ဆောင်ရွက်ပြီးသော စက်ရုံ၊ အလုပ်ရုံများနှင့် ဆောက်လုပ်ရေး လုပ်ငန်းများကို ကျွမ်းကျင်မှုဆိုင်ရာ ပူးပေါင်း စစ်ဆေးရေးအဖွဲ့များက စစ်ဆေးအတည်ပြု လုပ်ကိုင်ခွင့် ပေးသွားမည်ဟု ဖော်ပြထားသည်။
“ ကြာချိန်ကတော့ မြို့နယ် အဖွဲ့တွေရဲ့ စစ်ဆေးမှုအပေါ် မူတည်ပါတယ်။ စားသောက်ကုန် လုပ်ငန်းတွေက စစ်ဆေးရင်းနဲ့ ဖွင့်ပေးနေတယ်”ဟုမန္တလေးတိုင်း အစိုးရရုံးအဖွဲ့ ညွှန်ကြားရေးမှုး ဦးခင်မောင်စိုးက ပြောကြားသည်။
မန္တလေးတိုင်း အစိုးရအဖွဲ့၏ ကိုဗစ်-၁၉ သတင်းစာ ရှင်းလင်းပွဲကို လွှတ်တော်ရုံးအဟောင်း ၌ ဧပြီလ ၃၀ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းအတွင်း ဧပြီလ ၂၉ ရက် အထိစစ်ဆေးပြီးသည့် စက်ရုံ၊ အလုပ်ရုံ အရေအတွက် ၃၃၉ ရုံ ရှိပြီး ၂၈၀ ကို ဖွင့်လှစ်ခွင့်ပေးခဲ့ခြင်းဖြစ်ကြောင်း ဦးမောင်စိုးရဆက်လက်ပြောကြားခဲ့သည်။
မန္တလေးတိုင်း အစိုးရအဖွဲ၏ ညွှန်ကြားချက်ဖြင့် ကျွမ်ကျင်မှု ဆိုင်ရာ ပူးပေါင်း အဖွဲ့များက တစ်ရက် လျှင် စက်ရုံ၊ အလုပ်ရုံအရေအတွက် ၁၀ဝ ကျော် စစ်ဆေးပေးလျက် ရှိပြီး မန္တလေးတိုင်းအတွင်း ၌ စက်ရုံ၊ အလုပ်ရုံ အရေအတွက် ၈၀ဝ၀ ကျော် ရှိကြောင်း အစိုးရအဖွဲ့က သိရသည်။
ဖြိုးအိ


