ပင်လည်ဘူး ၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး ပင်လည်ဘူးမြို့၌ ဧပြီလတွင်ထွက်ရှိပြီး နုတ်ဖော်ယူကြသည့် ဒေသထွက် ကြက်သွန်ဖြူများ ဈေးကောင်းရောင်းရ၍ ကြက်သွန်စိုက်ပျိုးသူများ အဆင်ပြေလျက်ရှိကြောင်း ကြက်သွန်ဖြူ စိုက်ပျိုးရောင်းချသူများထံမှ သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ကြက်သွန်များကို မိုးစပါးရိတ်သိမ်းပြီးချိန် လယ်ကွက်များအတွင်းနှင့် နှုန်းမြေစိုက်ခင်းများအတွင်းတွင် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလများမှာ စတင်စိုက်ပျိုးကြကြောင်း၊ ကြက်သွန်များ စိုက်ပျိုးရာတွင် လယ်ကွက်ထဲရှိ စပါးရိတ်ပြီးသား အပင်ငုပ်များကို ပြန်လည်ရိတ်သိမ်း ခုတ်ထွင်ပြီး မြေကြီးပျော့ထဲသို့ ကြက်သွန်အတက်များကို တစ်ခုနှင့်တစ်ခုပင်ကြား ၆ လက်မခြားကွာ စိုက်ကြကြောင်း၊ စိုက်ပြီးသား ကြက်သွန်အတက်များကို စပါးခြွပြေီးသား စပါးပင်ကောက်ရိုးများဖြင့် ရက်ပေါင်း ၁၀ဝ ကျော် ဖုံးအုပ်စိုက်ပျိုးထားကြပြီး ဧပြီလတွင် နှုတ်ယူဖော်ကြကြောင်း၊ ကြက်သွန်ဖြူအပြင် ကြက်သွန်နီကိုလည်း စိုက်ပျိုးကြကြောင်း၊ ပင်လည်ဘူးမြို့နယ်တွင် ကြက်သွန်ဖြူကို အများဆုံး စိုက်ပျိုးကြပြီး ယခုနှစ်တွင် ကြက်သွန်ဖြူမှာ ဈေးကောင်းရောင်းရကြောင်း မံစီလေးကျေးရွာမှ ကြက်သွန်စိုက် တောင်သူတစ်ဦးထံမှ သိရသည်။
ပင်လည်ဘူးမြို့နယ်တွင် ယခင်နှစ်က ဒေသပေါက်ဈေး ကြက်သွန်ဖြူ တစ်ပိဿာကို ၅၀ဝ ကျပ်မှ ၈၀ဝ ကျပ်သာ ရောင်းကြရပြီး ယခုနှစ်တွင် ကြက်သွန်ဖြူအလုံးအကြီးအသေးရွေးပြီး အရွယ်အစားအလိုက် တစ်ပိဿာ ကို ၁၅၀ဝ ကျပ်မှ ၃၀ဝ၀ ကျပ်ထိ ရောင်းကြရကြောင်း၊ ကြက်သွန်နီမှာလည်း တစ်ပိဿာကို ၆၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ် ရောင်းကြရကြောင်း ယခုနှစ်တွင် ကြက်သွန်ဖြူဈေးကောင်း၍ ကြက်သွန်စိုက် သူများ အဆင်ပြေကြောင်း သိရသည်။
မျိုးလွင်(ပင်လည်ဘူး)


