မြောက်ဦး ၁ မေ
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင် ရန်နှင့် ကူးဆက်မှုများ မဖြစ်ပေါ်စေရန်အတွက် မြို့အဝင်၊အထွက် ညောင်ပင်ဈေးလမ်းဆုံတွင် ယနေ့ နံနက် ၈ နာရီက Check Point ကျန်းမာရေးစစ်ဆေးမှုသတ်မှတ်နေရာထားရှိကာ ဈေးဝယ် လာသူများနှင့် ခရီးသွား ပြည်သူများအား ကိုယ်အပူချိန်တိုင်းတာပေးခြင်းနှင့် အသိပညာပေးခြင်းများကို ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ခြင်းကို မြို့နယ်ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ ခင်မောင်သန်းဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီး သတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပူးပေါင်းကာ မြောက်ဦးမြို့ရှိ ရန်ကုန်-စစ်တွေ ကားလမ်းမကြီးဘေး ညောင်ပင်ဈေးလမ်းဆုံနေရာတွင် Check Point ကျန်းမာရေးစစ်ဆေးမှု သတ်မှတ်နေရာ ထားရှိပြီး ခရီးသွားပြည်သူများနှင့် ဈေးဝယ်လာသူများကို ကိုယ်အပူချိန်တိုင်းပေး ခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်သွားလာစေခြင်း၊ နှာခေါင်းစည်းများ မပါရှိသည့်ခရီးသွားများကို နှာခေါင်းစည်းများ ဝေငှပေးခြင်း၊ လက်ကိုစနစ်တကျဆေးကြောတတ်စေရန်ပြသပေးခြင်းနှင့် မိမိ အိမ်နီးနား ပတ်ဝန်းကျင်တွင် ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများရှိနေပါကနီးစပ်ရာ ကျန်းမာရေးဌာနကို အမြန်ဆုံးသတင်းပို့ရန်လိုအပ်ကြောင်း အသိပညာပေးများကို ဆောင်ရွက်လျှက်ရှိ သည်။
ယင်းသို့ကွင်းဆင်းစစ်ဆေးပေးနေစဉ် ဖျားနာနေသူများတွေ့ရှိပါကလည်း(Fever Clinic) ဖျားနာကုသရေး ဆေးခန်းသို့ ပို့ဆောင်ကာ ကျန်းမာရေးစစ်ဆေးမှုများကို အချိန်နှင့်တစ်ပြေးညီ လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်းနှင့် Check Point ကျန်းမာရေးစစ်ဆေးမှုသတ်မှတ်နေရာ ကိုလည်း ကိုဗစ်-၁၉ ရောဂါအား ကာကွယ်ထိန်းချုပ်နိုင်သည်အထိထားရှိကာ စစ်ဆေးပေးသွား မည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရှိရသည်။
တင်ထွန်းဦး(ပြန်/ဆက်)


