မကွေး    ၁  မေ 

 

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် မကွေးတိုင်း ဒေသကြီး၊ မကွေးခရိုင် အတွင်းရှိ ကျေးရွာ(၄၁)ရွာ၌ သောက်သုံးရေ ရရှိရေးလုပ်ငန်းများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလပိုင်းက စတင် ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပြီးစီးနေပြီ ဖြစ်ကြောင်း မကွေးခရိုင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

122

 

မကွေးခရိုင်အတွင်းမှာ မကွေး၊ တောင်တွင်းကြီး၊ ရေနံချောင်း၊ ချောက်၊ နတ်မောက်၊ မြို့သစ်စတဲ့ မြို့နယ် (၆)မြို့နယ် ရှိပါတယ်။ မကွေး တိုင်းဒေသကြီးအတွင်းမှာတော့ သောက်သုံးရေအတွက် အခက်ခဲဆုံး ခရိုင်တစ်ခုလည်းဖြစ်ပါတယ်။ နှစ်စဉ်လိုလို သောက်သုံးရေ ရှားပါးလို့ ရေပေးဝေခဲ့ရတာ တွေလည်း ရှိပါတယ်။ ယခုဘဏ္ဍာရေးနှစ်မှာတော့ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေနဲ့  ယခင်နှစ်ကရေပေးဝေခဲ့ရတဲ့ ကျေးရွာတွေနဲ့ အခြားရေရှားပါး ပြတ်လပ်နိုင်တဲ့ ကျေးရွာ (၄၁)ရွာကို ဦးစားပေးကာ တွင်းနက် စက်ရေတွင်းသစ်(၂၉)တွင်းတူးဖော်ခြင်း၊ မြေသားရေကန် ပြုပြင်တူးဖော်ခြင်းလုပ်ငန်းနှစ်ခု၊ အခြားရေရရှိရေးလုပ်ငန်း ၁၀ ခု စုစုပေါင်း (၄၁)ခုကို ငွေကျပ် ၇၈၃ ဒသမ ၂၁၈ သန်း ဖြင့် ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စတင်ဆောင်ရွက်ခဲ့တာပါ။ လက်ရှိအချိန်မှာတော့ ရေရရှိရေး လုပ်ငန်းအားလုံး၏ ၉၀ ရာခိုင်နှုန်းခန့် ဆောင်ရွက် ပြီးစီးနေပြီ ဖြစ်တယ်လို့ မကွေးခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးကျော်ဇောဟိန်းက ပြောပြသည်။

 

ကျွန်တော်တို့ ခရိုင်တွင်းမှာရှိတဲ့ ကျေးရွာအချို့ဟာဆိုရင် နှစ်စဉ်ရေရှားပါးလို့ ရေဖြန့်ဝေပေး နေရတာတွေ ရှိပါတယ်။ ဌာနေအနေနဲ့တော့ ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာရရှိဖို့ ဦးစားပေးအလိုက်ရွေးချယ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်တွင်း ပြည်ပ NGOs/ INGOs အဖွဲ့အစည်းတွေ၊ ပုဂ္ဂလိကအလှူရှင်တွေနဲ့လည်း ချိတ်ဆက်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ မိုးရာသီမတိုင်မီ ရေတွင်း ရေကန်တွေ ခမ်းခြောက်ပြီး သောက်သုံးရေရှားပါးမှုတွေ ကြုံတွေ့လာရင်လည်း အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာပါ။ ကျေးရွာတွေအနေနဲ့ ရေပြတ်လပ်မှုရှိပါက သောက်သုံးရေ ပြတ်လပ်ပါက ဖြည့်ဆည်းပေးနိုင်ရေး အကူအညီတောင်းခံနိုင်ရန်နှင့် ရေလှူဒါန်းလိုသော စေတနာရှင်၊ အလှူရှင်များက ရေလှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် Water Donation Myanmar App ကို အလွယ်တကူ အသုံးပြု၍လည်းကောင်း၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနရုံးများကို ဆက်သွယ်ရေးနည်းလမ်းမျိုးစုံနဲ့ ဆက်သွယ်အကူအညီ တောင်းခံနိုင်တယ်လို့ ၎င်းက ပြောပြ၍ သိရသည်။

 

5252

 

အဆိုပါ ရေပေးရေးလုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပါက ကျေးရွာ(၄၁)ရွာရှိ အိမ်ခြေ(၈၁၄၉)၊ လူဦးရေ (၃၈၄၁၃)ဦးနှင့် ကျွဲနွားတိရစ္ဆာန်များအတွက် သောက်သုံးရေများ ဖူလုံစွာရရှိတော့မှာ ဖြစ်ကြောင်း သိရသည်။

 

သန်းလွင်(မကွေး)