တပ်ကုန်း  ၁  မေ    

            

နေပြည်တော် တပ်ကုန်းမြို့နယ် အေးချမ်းသာစံပြကျေးရွာအုပ်စု၊ အေးချမ်းသာစံပြ ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေရန် ဒေသခံပြည်သူများ မိမိနေအိမ် ခြံဝင်းအတွင်း ဟင်းသီးဟင်းရွက်များ တစ်နိုင်တစ်ပိုင်(Home Garden)စိုက်ပျိုးရန် မျိုးစေ့များ အခမဲ့ဖြန့်ဝေပေးခြင်းကို မေ ၁ ရက် နံနက် ၁၀ နာရီက အဆိုပါ ကျေးရွာရှိ လူထုဖွံ့ဖြိုးရေး စင်တာခန်းမတွင် ကျင်းပသည်။

 

3561

 

အဆိုပါ အခမ်းအနားတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးထွန်းညွန့်က ကိုဗစ်- ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလတွင် လူအသွားအလာများသောဈေးသို့ ဟင်းသီးဟင်းရွက်များ သွားရောက် ဝယ်ယူခြင်း လျှော့ချနိုင်ရန် ဟင်းသီးဟင်းရွက်မျိုးစေ့များ (အခမဲ့)ဖြန့်ပေးရခြင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီး အရာရှိ ဒေါ်နေခြည်ဇာဝေက အိမ်ခြံဝင်းအတွင်း၌(Home Garden)စိုက်ပျိုးရေးအတွက် မျိုးစေ့ ထောက်ပံ့ ပေးသော စိုက်ပျိုးရေးဦးစီးဌာနကို အထူးကျေးဇူးတင်ရှိကြောင်းနှင့် မျိုးစေ့ထုတ်ယူခဲ့သည့် စိုက်ခင်းရှင်များ ပြင်ဆင်ဆောင်ရွက်ထားရှိရေး ရှင်းလင်းပြောကြားသည်။

 

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဒေါ်တင့်တင့်ခိုင်က ရောဂါကြိုတင် ကာကွယ်ရေး နှင့်ပတ်သက်၍ လက်ဆေးနည်းများ ရှင်းလင်းပြောကြားပြီးနောက် ဦးစီးအရာရှိ ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများက(Home Garden)စိုက်ပျိုးကြမည့် တောင်သူများ အား ရုံးပတီသီး၊ ဖရုံသီး၊ မုန်ညင်းရွက်၊ မုန်ညင်းဖူး၊ ကန်စွန်းရွက်၊ ဗူးသီး၊ ခရမ်းသီး၊ ပဲရှည်သီးနှင့် ပဲစောင်းလျာသီးမျိုးစေ့များကို (အခမဲ့) ထောက်ပံ့ပေးအပ်ခဲ့ပြီးနောက် စိုက်ခင်းများအား လှည့်လည်ကြည့်ရှုကြသည်။

 

5896

 

 

အဆိုပါ ကျေးရွာတွင် အိမ်ထောင်စုပေါင်း (၅၈၀)စုနှင့်လူဦးရေး (၂၇၀ဝ)ဦးရှိပြီး၊ ကျေးရွာအဆင့် ဆင်းရဲမှု လျော့ချရေး စံပြစီမံကိန်းအစီစဉ်ဖြင့် (Home Garden)စိုက်ခင်း(၄၀)၊ စိုက်ပျိုးရေးဦးစီးဌာနမှ နည်းပညာယူ၍ မိမိအစီစဉ်ဖြင့် စိုက်ခင်း (၁၀ဝ)၊ ယနေ့စိုက်ပျိုးရေးဦးစီးဌာနမှ ထောက်ပံ့ပေးသည့် မျိုးစေ့ဖြင့် စိုက်ခင်း(၁၀)၊ စုစုပေါင်း(Home Garden) စိုက်ခင်း(၁၅၀)ခု ရှိပြီဖြစ်ကြောင်း သိရသည်။

 

တင်စိုးလွင်(ပြန်ဆက်)