ကောလင်း ၁ မေ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေးနှင့် ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများအား အထောက်အကူပြုစေရန် ပြည်သူ့အားကစာကွင်းတွင် ဖွင့်လှစ်ထားရှိသော (ယာယီ) ပျံကျဈေးအတွင်းရှိ ဈေးသည်၊ဈေးဝယ်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီက နေ့စဉ်သုံး နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
ထိုသို့ဖြန့်ဝေရာတွင် ကောလင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲမြတ်သိန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ၊မြို့နယ်စည်ပင် သာယာရေး ကော်မတီမှ တာဝန်ရှိသူများ၊ ကသာခရိုင်လူငယ်ရေးရာ ကော်မတီတာဝန်ခံ ကိုကျော်ဇင်သန့် ဦးဆောင်သော လူငယ်အဖွဲ့များတို့မှ ကောလင်းမြို့ ပြည်သူ့အားကစားကွင်းတွင် ဖွင့်လျစ်ထားရှိသော (ယာယီ) ပျံကျဈေး အတွင်းရှိ ကုန်စိမ်းနှင့် ဟင်းသီးဟင်းရွက် ရောင်းချနေသော ဈေးသည်၊ ဈေးဝယ်များအား ပရဟိတလူငယ်များမှ ကိုယ်တိုင်ချုပ်လုပ်ထားသော နေ့စဉ်သုံး နှာခေါင်းစည်းများ အခမဲ့ပေးဝေခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ကောလင်းမြို့နယ်အတွင်းရှိ ဈေးများတွင် အခမဲ့ဖြန့်ဝေရန် ပြည်သူ့အားကစားခန်းမတွင် လူငယ်စေတနာ့ ဝန်ထမ်းများဖြင့် နှာခေါင်းစည်းများကို ချုပ်လုပ်လျက်ရှိပြီး ကမ္ဘာတစ်ဝန်းမှာ ဖြစ်ပေါ်နေတဲ့ COVID-19 ရောဂါကပ်ဆိုးကြီးသည် ဘယ်အချိန်မှ ထွက်ခွာသွားမည်မသိနိုင်သဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုမှ လျော့နည်းစေရန် တစ်ထောင့်တစ်နေရာမှ ဖြည့်ဆည်းသည့်အနေဖြင့် ချုပ်လုပ်၍ အခမဲ့ဖြန့်ဝေခြင်းဖြစ်သည်။
“ယခု ကျွန်တော်တို့ ချုပ်စက်(၁၄)လုံး ဖြင့် ချုပ်လုပ်ပြီး တစ်ရက်ကို ပိုးသတ်သန့်စင်ပြီး နှာခေါင်းစည်း အခု (၄၀ဝ) ရရှိပါတယ်။ ရရှိလာသော နှာခေါင်းစည်းများကို ကောလင်းမြို့နယ်အတွင်းရှိ အားကစားကွင်း (ယာယီဈေး)၊ သိရိမင်္ဂလာဈေး၊ မြို့မ ဈေး၊အရှေ့ဈေး စသည့်ဈေးများအတွင်းရှိ ဈေးသည်များ၊ ဈေးဝယ်များ လုံလောက်သည့် နှာခေါင်းစည်းပမာဏ ရရှိသည်အထိ ချုပ်လုပ်၍ အလှည့်ကျ အခမဲ့ဖြန့် ဝေပေးလျက်ရှိပြီး ဖြန့်ဝေရာတွင်လည်း ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရန် ပညာပေးအစီအစဉ်များနှင့်အတူ လှည့်လှည်ဖြန့်ဝေခဲ့ပါတယ်ဟု ကသာခရိုင် လူငယ်ရေးရာ ကော်မတီ ကိုကျော်ဇင်သန့်က ပြောပြချက်အရ သိရသည်။
မြင့်ထွန်းမင်း(ကောလင်း)


