၁ မေ

ဘရာဇီးနိုင်ငံတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူ ၇၂၁၈ ဦး ရှိရာ ပြီးခဲ့သည့် ရက်များအတွင်း နိုင်ငံအတွင်း ကူးစက်မှု အရှိန်မြင့်လာသည်ဟု ကျန်းမာရေးဝန်ကြီးဌာနမှ ယမန်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

 

ကိုဗစ်-၁၉ ကူးစက်မှု အရေအတွက်မှာ ဗုဒ္ဓဟူးနေ့တွင် ၇၈၁၆၂ ဦးရှိရာမှ ကြာသပတေးနေ့တွင် ၈၅၃၈၀ ဦး အထိ မြင့်တက်လာကြောင်းနှင့် ကူးစက်မှုနှုန်းမှာ ကိုးရာခိုင်နှုန်းအထိ တိုးလာကြောင်း  ဘရာဇီးနိုင်ငံ၏ ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့်ပတ်သက်သည့် တရားဝင်ဖော်ပြချက်များအရ သိရသည်။

 

ကိုဗစ်-၁၉ ကြောင့် သေဆုံးသူအရေအတွက်မှာ ၅၄၆၆ ဦးမှ ၅၉၀၁ ဦး ထိ မြင့်တက်လာပြီး သေဆုံးမှုနှုန်းမှာ ခြောက် ဒသမ ကိုး ရာခိုင်နှုန်း ရှိသည်။ ပြီးခဲ့သည့် ၂၄ နာရီအတွင်း ထပ်မံသေဆုံးသူ ၄၃၅ ဦး ရှိသည်။

 

ပြီးခဲ့သည့် သီတင်းပတ်အတွင်း ကိုဗစ်-၁၉ ထပ်မံကူးစက်ခံရသူပေါင်း ၂၆၈၇၁ ဦးရှိပြီး သေဆုံးသူပေါင်း ၁၈၈၅ ဦး ရှိသည်။ ကူးစက်မှု စတင်ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ကူးစက်ခံရမှုနှင့် သေဆုံးမှု အမြင့်ဆုံးဖြစ်ခဲ့ပြီး စံချိန်တင်မြင့်တက်ခဲ့သည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို