သာစည် ၁ မေ
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပတ်သက်သော ထုတ်ပြန်ကြေညာ ချက်များကို လိုက်နာရေး၊ ကျန်းမာရေးနှင့် ဥပဒေဆိုင်ရာ အသိပညာပေးခြင်းနှင့် ပြန်လည်လျော်ဖွတ် အသုံးပြုနိုင်သော ပိုးသတ်ပြီး Mask များ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၁၀ နာရီက မြို့အဝင်နေရာများနှင့် မြို့တွင်းတို့၌ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့မြောက်ဘက် အဝင်လမ်းဖြစ်သော ငါးဆူကျောင်းအနီး၊ မြို့တောင်ဘက်အဝင် လမ်းဖြစ်သော မင်းလှကျေးရွာ ၊ မြို့နယ်မီးသတ်ဦးစီးဌာနရုံးရှေ့နှင့် သံလမ်းကူးဂိတ်အနီးတို့တွင် Mask မတပ်ပဲ မြို့တွင်း ဝင်ရောက်လာသူ များနှင့် မြို့ပေါ်တွင် သွားလာနေသူများအား အမည်စာရင်းကောက်ယူခြင်း၊ နေရပ်လိပ်စာများ ရယူထားခြင်းများ ဆောင်ရွက်ပြီး မြို့နယ် ဆရာဝန်ကြီး ဒေါက်တာဇော်မင်းထူးက ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့် ပတ်သက်သော အသိပညာပေးခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်ဝင်းက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်ပြီး ထုတ်ပြန်ထားသော ကြေညာချက်များကို လိုက်နာကြရန်နှင့် ဥပဒေဆိုင်ရာ အသိပညာပေးခြင်းတို့ကို ပြောကြားခဲ့သည်။
ထို့နောက် ပြန်လည်လျှော်ဖွတ် အသုံးပြုနိုင်သော ပိုးသတ်ပြီး Mask ၄၀၀ ခုအား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းထွန်း(သာစည်)


