ရန်ကုန် ၁  မေ 

 

ရန်ကုန်မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ အင်းစိန် အထွေထွေရောဂါကု ဆေးရုံကြီးမှ သမားတော်ကြီးများ ဦးဆောင်၍ (ယာယီ) ကျန်းမာရေးစစ်ဆေးမှု ဌာနကို အင်းစိန်မြို့နယ်ခန်းမ၌ နေ့စဉ်ဖွင့်လှစ်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိသည်။

 

အင်းစိန်မြို့နယ်၊ အထွေထွေရောဂါကုဆေးရုံကြီးမှ သမားတော်ကြီးများနှင့် လွှတ်တော် ကိုယ်စားလှယ်များ ဦးဆောင်သော အဖွဲ့သည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် (ယာယီ) ကျန်းမာရေး စစ်ဆေးမှုဌာနကို ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် ပထမဦးဆုံး ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ယခုလ ဧပြီ ၂ ရက်နေ့မှ စတင်၍ အများပြည်သူတွေအတွက် အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။ အဆိုပါ ဆေးခန်းကို အင်းစိန်မင်းကြီးလမ်းမပေါ်ရှိ ဘိုကုန်းဈေးအနီး၊ အင်းစိန်မြို့နယ်ခန်းမတွင် နေ့စဉ် နံနက်(၉) နာရီမှ နံနက် (၁၁) နာရီအထိ ဖွင့်လှစ်ပြီး အင်းစိန်မြို့နယ်၊ ကြက်ခြေနီအသင်းခွဲ ဉက္ကဋ္ဌ ကိုစည်သူနှင့် တွဲဖက်တာဝန်ခံ ကိုနီထွန်းတို့က တွဲဖက် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ ဆေးခန်းသို့ လာရောက်ကုသခံသူများထဲတွင် ကိုဗစ် -၁၉ ရောဂါ သံသယရှိသည့်ဟု ယူဆရသူများကို စူပါဆန်းဒေး လူမှုကူညီရေးအသင်းမှ ဉက္ကဋ္ဌ ကိုသူရိန်ထွန်းနှင့် အဖွဲ့ဝင်များက အင်းစိန်ဆေးရုံ သို့ တာဝန်ယူ ပို့ဆောင်ပေးလျက်ရှိသည်။


    
အင်းစိန်မြို့နယ်၊ ကိုရိုနာဗိုင်းရပ်စ် ရောဂါကာကွယ် ထိန်းချုပ်၊ ကုသရေး ကော်မတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါ်နော်လှလှစိုး၊ တိုင်းဒေသကြီး (၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများသည် အင်းစိန်မြို့နယ်ခန်းမ၌ ဖွင့်လှစ်ထားသော အင်းစိန် (ယာယီ) ဆေးခန်းသို့ သွားရောက်၍ လုပ်ငန်းလည်ပတ်နေမှု အခြေအနေများ၊ တာဝန်ခွဲဝေချထားမှု အခြေအနေများကို ကြည့်ရှုပြီး ကျန်းမာရေးအသိတရား ရှိရှိ ထိတွေ့လုပ်ကိုင် ဆောင်ရွက်နိုင်ရေး  ကြီးကြပ်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။


    
အင်းစိန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ မေ (၁) ရက် အထိ (၂၄) ဦးရှိပြီဖြစ်ပြီး ရောဂါပိုးတွေ့ရှိသူတို့၏ နေအိမ်နှင့်လမ်းများကို အသွားအလာကန့်သတ်ခြင်းများ ဆောင်ရွက် ထားရှိသည်။ အလားတူ ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ခဲ့သည်ဟု ယူဆရသူများကို Quarantine Center များသို့ အသီးသီးပို့ဆောင်ကာ အသွားအလာ ကန့်သတ်ခြင်းများ ဆောင်ရွက်လျက်ရှိသည်။

 

အင်းစိန်မြို့နယ်အတွင်းရှိ ဈေးများတွင်လည်း ဈေးရောင်းသူများ၊ ဈေးဝယ်သူများအား ကိုဗစ်-၁၉ ရောဂါကူးစက် မပြန့်ပွားစေရန် ကိုယ်အပူချိန် တိုင်းတာခြင်း၊ နှာခေါင်းစည်းများ တပ်ဆင်ခြင်း၊ လက်ဆေးခြင်း၊ လက်အိတ်များ ဝတ်ဆင်ခြင်းများကို နေ့စဉ် အလှည့်ကျ လိုက်လံ စစ်ဆေး လျက်ရှိသည်။ အလားတူ အင်းစိန်မြို့နယ်၌ ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း အပြင်သို့မထွက်ဘဲ အိမ်မှာပင် ဈေးဝယ်ယူနိုင်ရန် နေ့စဉ် နံနက် (၉) နာရီမှ စတင်ကာ ရပ်ကွက်များအတွင်း ဈေးကားဖြင့် လှည့်လည်ပြီး မှာယူထားသော ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ရောင်းချပေးလျက် ရှိသည်။ အသား၊ ငါးများ၊ ဟင်းသီးဟင်းရွက်၊ ဆန်၊ ဆီ၊ ဆား၊ ကြက်ဉ စသည့် သန့်ရှင်းလတ်ဆတ်သော စားသောက်ကုန်များကို မြို့နယ်အတွင်းရှိ ရပ်ကွက်ပေါင်း (၂၁) ရပ်ကွက်များသို့ လိုက်လံရောင်းချပေး လျက်ရှိသည်။

 

ယင်းသို့ ရောင်းချရာတွင် နေစဉ် မွန်းလွဲ ၁၂ နာရီမှ ညနေ ၆ နာရီထိ ပြည်သူများ ဖုန်းဆက် မှာကြားခဲ့သည့် စားသောက်ကုန်များကို အင်းစိန်မြို့နယ်၊ စည်ပင်သာယာရေးကော်မတီမှ နေ့စဉ် ဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

 

ဇွဲထက်ကို(ပြန်/ဆက်)