နေပြည်တော် ၁ မေ
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဉီးစီးဌာန၏ (၁-၅-၂၀၂၀) နေ့ (၁၃:၀၀) နာရီအချိန် ထုတ်ပြန်ချက်အရ ကပ္ပလီပင်လယ်ပြင် တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတို့တွင် လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်နေကြောင်း၊ အဆိုပါ လေဖိအားနည်း ရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ နောက်(၉၆)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ရောက်ရှိပြီး မြောက်-အနောက်မြောက်ဘက်သို့ တဖြေးဖြေး ရွေ့လျားနိုင်သည်ဟု ခန့်မှန်း ထားကြောင်း သိရသည်။
ယခု ဖြစ်ပေါ်လျက်ရှိသော မုန်တိုင်းလမ်းကြောင်း ခန့်မှန်းချက်သည် မိုးလေဝသဖြစ်စဉ် သဘော သဘာဝများကြောင့် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နိုင်သည်ဖြစ်၍ မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဉီးစီးဌာနမှလည်း ပြောင်းလဲဖြစ်ပေါ်နေသည့် အခြေအနေများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ပေးလျက်ရှိပါသည်။ ပြည်သူလူထုအနေဖြင့် မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဉီးစီးဌာနမှ ထုတ်ပြန်ချက်များကို စဉ်ဆက်မပြတ် ဂရုပြုနားထောင်ရန်လိုအပ်ပါသည်။
မြန်မာနိုင်ငံဘက်သို့ မုန်တိုင်းဝင်ရောက်ပါကလည်း ကမ်းရိုးတန်းဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးတို့သည် မုန်တိုင်းဒဏ်ကိုခံစားရနိုင်သည့် ဒေသများဖြစ်ပြီး မုန်တိုင်းဖြစ်ပေါ်ပါက မုန်တိုင်းနှင့်အတူ မုန်တိုင်းဒီရေတက်ခြင်း၊ မုန်တိုင်းအရှိန်ကြောင့် မိုးသည်းထန်စွာ ရွာသွန်းရာမှ လျှပ်တပြက် ရေကြီးခြင်း၊ မြေပြို/တောင်ပြိုခြင်း၊ တောင်ကျချောင်းများတွင် ရုတ်တရက် အရှိန်အဟုန်ဖြင့် ရေစီးခြင်း/ ရေကျော်ခြင်းများ ဖြစ်ပွား နိုင်သဖြင့် ကုန်းတွင်းပိုင်း ဒေသများသည်လည်း မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း အခြားသက်ရောက်မှုများ ရှိနိုင်ကြောင်း သတိပြု ကြိုတင်ပြင်ဆင်ကြရပါမည်။
သို့ဖြစ်ရာ ကမ်းရိုးတန်း ဒေသများသာမက ကုန်းတွင်းပိုင်းဒေသများသည်လည်း မုန်းတိုင်းနှင့် ပတ်သက်၍ အထူးသတိပြုရန် လိုအပ်ပြီး အောက်ဖော်ပြပါ ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားရန် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနက အကြံပြု အပ်ပါသည်-
(၁) မုန်တိုင်းဖြစ်ပေါ်လာပါက လုံခြုံမှုရှိစေရေး ဘေးလွတ်ကင်းရာနေရာတွင် ခိုလှုံနေထိုင်ရန် လိုအပ်ပါသည်။ သို့ရာတွင် ယခုကာလသည် COVID–19 ကူးစက်ရောဂါ ဖြစ်ပွားနေချိန်ဖြစ်သဖြင့် တတ်နိုင်ပါက မိမိအိမ်၌သာ ခိုလှုံနေထိုင်နိုင်ရေးအတွက် နေအိမ်အဆောက်အဦများအား လေဒဏ်၊ မိုးဒဏ် ခံနိုင်စေရန် ပြင်ဆင်ထားပါ။
(၂) လိုအပ်လာပါက အရေးပေါ်ပြောင်းရွှေ့နိုင်ရန် စီစဉ်ထားပြီး အရေးပေါ်သုံးပစ္စည်းများ၊ စားရေရိက္ခာနှင့် အရေးကြီး စာရွက်စာတမ်းများကို မိမိနှင့်အတူထားရှိပါ။ COVID–19 ကူးစက်ရောဂါ ကာကွယ်နိုင်ရန်အတွက် ဆပ်ပြာ၊ လက်သန့်ဆေးရည်၊ မျက်နှာနှင့်နှာခေါင်းစည်းများ ကြိုတင်စုဆောင်း ယူဆောင်သွားပါ။
(၃) လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။ လက်ကိုင်ဖုန်းများကို အားသွင်း ထားပါ။
(၄) မိသားစုဝင်များကွဲကွာသွားခဲ့ပါက ပြန်လည်ဆုံတွေ့နိုင်မည့် ဆုံရပ်သတ်မှတ်ထားပါ။ ဆက်သွယ်ရန် ဖုန်းနံပါတ်၊ အမည်၊ ရပ်ကွက်/ကျေးရွာ၊ မြို့၊ ဆက်သွယ်ရမည့်သူ စသည်တို့အားရေးသားပြီး မိသားစုဝင်တိုင်း ယူဆောင်ထားပါ။
(၅) ကမ်းခြေများအနီး နေထိုင်သူများ၊ အလုပ်လုပ်ကိုင်နေသူများ၊ ပင်လယ်ပြင်တွင် ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသူများ မုန်တိုင်းသတင်းကို စဉ်ဆက်မပြတ်နားထောင်၊ လေ့လာ၍ အထူးသတိပြု နေထိုင်ပါ။ မုန်တိုင်းဒီရေ တက်ရောက်နိုင်သည်ကိုလည်း သတိပြုပါ။
(၆) ကုန်းတွင်းပိုင်းဒေသများအနေဖြင့် မုန်တိုင်းဒဏ်ကို တိုက်ရိုက်မခံစားရသော်လည်း လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာ ရွာသွန်းခြင်းများ၊ မိုးကြိုးပစ်ခြင်းများလည်း ဖြစ်ပေါ်နိုင်သည့်အတွက် အထူးသတိပြုနေထိုင်ပါ။
(၇) တောင်ကျချောင်းများတွင် ရုတ်တရက်ရေကြီးမှုများ ဖြစ်လာနိုင်သဖြင့် တောင်ကျချောင်းများအနီး နေထိုင်သူများ အထူးသတိထားနေထိုင်ပါ။ လိုအပ်ပါက လုံခြုံသည့်နေရာသို့ကြိုတင်ရွှေ့ပြောင်းပါ။
(၈) မြစ်၊ ချောင်းများအနီးနှင့် မြေပြိုမှုများဖြစ်ပေါ်နိုင်သည့်နေရာများမှ ခေတ္တရှောင်ရှား နေထိုင်ပါ။
(၉) မိမိတို့ရပ်ရွာအတွင်း မုန်တိုင်းဒဏ်ခံနိုင်သည့် နီးစပ်ရာ အိမ်များ၊ အဆောက်အဉီများသို့ ရွှေ့ပြောင်း နေထိုင်သည်ဖြစ်စေ၊ သတ်မှတ်ထားသည့် ဘေးလွတ်ကင်းရာနေရာများသို့ ရွှေ့ပြောင်းသည်ဖြစ်စေ COVID–19 ကူးစက်ရောဂါဆိုင်ရာ လိုက်နာရမည့် ညွှန်ကြားချက်များကို တိကျစွာလိုက်နာပါ။
ပြည်သူများအနေဖြင့် မုန်တိုင်းဖြစ်ပေါ်မှု အခြေအနေနှင့်ပတ်သက်၍ စဉ်ဆက်မပြတ် လေ့လာကာ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း လိုက်နာ ဆောင်ရွက်ခြင်းဖြင့် ပူးပေါင်းပါ၀င် ဆောင်ရွက်ကြပါရန်နှင့် လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနတွင် (၂၄) နာရီဖွင့်လှစ်ထားရှိသော Hot-line ဖုန်းများဖြစ်သည့် ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇တို့သို့ အချိန်မရွေးဆက်သွယ် သတင်းရယူ၊ အကူအညီ တောင်းခံနိုင်ပါကြောင်း ပြည်သူသို့ အသိပေးနှိုးဆော်အပ်ပါသည်။
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန


