ရန်ကုန်  ၁ မေ

 

ရန်ကုန်မြို့နေပြည်သူများ ခရီးသွားလာရာတွင် အားထားအသုံးပြုနေကြသည့် YBS ယာဉ်လိုင်းများမှာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း စီးနင်းသည့်ခရီးသည် နည်းပါးလျက်ရှိကြောင်း သိရသည်။

 

Power ElevenPublic Co,Ltd လက်အောက်ရှိ YBS ယာဉ်လိုင်း အမှတ် (၂၁)၊ (၃၉) နှင့် လူထုမိတ်ဆွေကုမ္ပဏီ လက်အောက်ရှိ YBS ယာဉ်လိုင်းအမှတ် (၃၂) (၇၈) (၉၃) (၉၄) (၉၇) ယာဉ်လိုင်းများမှာ စီးနင်းသည့် ခရီးသည်ဦးရေ နည်းပါးမှုကြောင့် သင်္ကြန်ကာလအတွင်း ၁ နာရီခြား ၁ စီးပြေးဆွဲခဲ့ရာ ဧပြီ ၂၀ ရက်မှစတင်ပြီး ၁၅ မိနစ်ခြား ၁ စီး ပြေးဆွဲပေးလျက်ရှိကြောင်း သိရသည်။

 

ထိုသို့ပြေးဆွဲရာတွင် ယာဉ်စီးရေ ကန့်သတ်ထားခြင်းမရှိဘဲ မိနစ်အပိုင်းအခြားဖြင့် သယ်ယူပို့ဆောင်ရေး လုပ်ဆောင် ခြင်းဖြစ်ပြီး စီနင်းသည့်ခရီးသည်ဦးရေ နည်းပါးကြောင်း ကုမ္ပဏီမှ တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

 

နေ့စဉ်ပြေးဆွဲသည့် ယာဉ်များကို ပိုးသတ်ဆေးဖျန်း၍ ကာကွယ်မှုပြုလုပ်ထားပြီး ညွှန်ကြားချက်အတိုင်း ယာဉ်မောင်းများမှ Mask တပ်ဆင်ပြီး မောင်းနှင်ကြသည်။

 

ထို့ပြင် ခရီးသည်များမှလည်း Mask တပ်ဆင်ပြီး စီးနင်းရန်နှင့် Mask တပ်ဆင်မလာပါက ယာဉ်လိုင်းပေါ်တွင် ရောင်းချပေးလျက်ရှိပြီး ဝယ်ယူရန်မတတ်နိုင်သူများအား အခမဲ့ ဖြန့်ဝေပေးလျက်ရှိသည်။

 

ယာဉ်အတက်အဆင်း ၂ နေရာတွင် လက်သန့်ဆေးရည် ၁ ဘူးစီ ထားရှိပြီး ထိုင်ခုံ ၁ ခုတွင် ခရီးသည် ၁ ဦးသာ စီးနင်းခွင့်ပြုပြီး သတ်မှတ်ထားသည့် အကွားအဝေးအတိုင်း စီးနင်းရမည်ဖြစ်ကြောင်း သိရသည်။

 

အောင်သူရ