မေ ၂
မြန်မာ့သမိုင်းတွင် အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်ကြီး ဖြစ်သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြီး ကျရောက်ခဲ့သည့် ဖြစ်ရပ်မှာ ယနေ့ မေလ ၂ ရက်နေ့တွင် ၁၂ နှစ်မြောက် နှစ်ပတ်လည်ခဲ့ပြီဖြစ်သည်။ ဘင်္ဂလားပင်လယ်အော် အတွင်း စတင်ဖြစ်ပေါ်ခဲ့ပြီး ၂၀၀၈ ခုနှစ် မေ ၂ ရက်နေ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ အပါအဝင်ဖြစ်သော ကုန်းတွင်းပိုင်းသို့ ပြင်းအားအမြင့်ဆုံးဖြင့် ဝင်ရောက်ခဲ့ရာ လေတိုက်နှုန်း အမြင့်မားဆုံးအချိန်တွင် တစ်နာရီလျှင် ၂၁၅ ကီလိုမီတာ (မိုင် ၁၃၀ နှုန်း) အထိ တိုက်ခတ်ခဲ့သည်။ မုန်တိုင်းနှင့် မုန်တိုင်းဒီရေတို့ကြောင့် လူဦးရေ ၁၃၈၀၀၀ ကျော် သေဆုံးခဲ့ရပြီး အပျက်အစီးများ၏ တန်ဖိုးစုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၀ ဘီလီယံကျော်အထိ ရှိခဲ့သည်။
ဆိုးရွားပြင်းထန်လှသည့် နာဂစ်မုန်တိုင်းကြီးက သေကျေပျက်စီးမှုများ ဖြစ်ပေါ်စေသည်သာမက အသက်ရှင်သန် ကျန်ရစ်သူများ၏ လူမှုရေး၊ စီးပွားရေး ဘဝများအပေါ်တွင်လည်း ထိခိုက်ဆုံးရှုံးမှုတို့ ကြီးမားစွာ ဖြစ်ပေါ်စေခဲ့သည်။ မုန်တိုင်းကျရောက်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်မှု၊ အစားအသောက် အဝတ်အထည်အပါအဝင် လတ်တလော ရှင်သန်နိုင်ရေးအတွက် လိုအပ်ချက်များ ဖြန့်ဝေမှုတို့နှင့်စပ်လျဉ်း၍ ဝေဖန်မှုများပေါ်ထွက်ခဲ့သလို တားမြစ်မှုများ ရှိခဲ့သည့်ကြားကပင် အကျင့်ပျက်မှုများ ရှိခဲ့ကြောင်းလည်း သတင်းများ ထွက်ပေါ်လာခဲ့သည်။ နာဂစ်သည် သဘာဝဘေးအန္တရာယ်နှင့်စပ်လျဉ်း၍ မြန်မာ့လူ့အဖွဲ့အစည်းကို သင်ခန်းစာများစွာ ပေးခဲ့သည်။ နာဂစ် အလွန်ကာလတွင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများနှင့် စပ်လျဉ်း၍မူ အရည်အသွေးပြည့်မီမှုနှင့် ပြည့်စုံလုံလောက်မှု လိုအပ်ချက်များ ရှိနေသေးသည်ဟု သိရသော်လည်း သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်းသည့် ပြည်သူလူထု၏ သတိပြုမှုမှာ များစွာတိုးတက်လာသည်ဟု သိရသည်။ မိုးလေဝသ သတင်း၊ မုန်တိုင်းသတိပေးချက် စသည်တို့ကို ယခင်က ဂရုမစိုက်ခဲ့ကြသော်လည်း နာဂစ်မုန်တိုင်းနှင့် ကြုံရပြီးသည့် နောက်ပိုင်းတွင် မိုးလေဝသ သတိပေးချက်များကို ဂရုတစိုက် တုံ့ပြန်လာကြသည်ဟုလည်း သိရသည်။
နာဂစ်မုန်တိုင်းကျရောက်ခဲ့သည့် ၁၂ နှစ် ပြည့်မြောက်သည့် ယနေ့ကာလတွင်မူ မိမိတို့နိုင်ငံမှာ ပြည်သူက ရွေးချယ်တင်မြှောက်သည့် ပြည်သူ့အစိုးရက နိုင်ငံရေးရာအဖြာဖြာကို ပြည်သူလူထု ပူးပေါင်းပါဝင်မှုနှင့်အတူ ကြိုးပမ်းဆောင်ရွက်နေချိန် ဖြစ်သလို ကိုဗစ်-၁၉ ကဲ့သို့သော ကမ္ဘာ့ကပ်ရောဂါ ပပျောက်ရေးအတွက် ရင်ဆိုင်နေရချိန်ဖြစ်သည်။ နှစ်စဉ်အချိန်ရာသီ ရောက်လာသည်နှင့် ဖြစ်ပေါ်လာတတ်သည့် မုန်တိုင်းကဲ့သို့သော သဘာဝဘေး အန္တရာယ်နှင့်လည်း ရင်ဆိုင်ရဖွယ်ရှိသည်ကို မျှော်လင့်ထားကြရမည် ဖြစ်သည်။
“သိန်းဂဏန်းအထိ များနိုင်တဲ့ ပြည်တော်ပြန်တွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အစီအစဉ်တွေ၊ မုတ်သုံနဲ့အတူ ဖြစ်လေ့ရှိတဲ့ တုပ်ကွေး၊ သွေးလွန်တုပ်ကွေး အန္တရာယ်ကာကွယ်ရေးတွေ၊ အခြား မြားမြောင်လှတဲ့ ဤလူ့ဘောင်ကိစ္စတွေ၊ ဤနိုင်ငံကိစ္စတွေ ဒါတွေအားလုံးကို ကျော်ဖြတ်ကြရပါမယ်” ဟူ၍လည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖေ့စ်ဘွတ်စာမျက်နှာမှ သတင်းစကား ပါးထားသည်။ ထို့အပြင် “အင်မတန်ခက်ခဲ ရှုပ်ထွေးတယ်ထင်ရတဲ့ ကိစ္စဟာ တကယ်တော့ ရိုးရိုးရှင်းရှင်းလေးပါပဲ။ ကျွန်မတို့တွေ တစ်ယောက်ချင်း တစ်ယောက်ချင်း ကိုယ်လုပ်သင့်လုပ်ထိုက်တာကို မှန်မှန်ကန်ကန် လုပ်သွားဖို့ပါပဲ”ဟူ၍လည်း အလင်းပြ လမ်းညွှန်ခဲ့သည်။ ။
ကူးစက်ရောဂါ၊ မုန်တိုင်း၊ အခြားမည်သည့် စိန်ခေါ်မှုများပင်ဖြစ်စေ မိမိတို့အားလုံး၏ စည်းလုံးညီညွတ်သည့် အင်အားဖြင့်သာ ရင်ဆိုင်ကျော်လွှားကြရမှာဖြစ်သည်။ ယနေ့သည် လွန်ခဲ့သည့် ၁၂ နှစ် နာဂစ်ကာလနှင့် များစွာခြားနားသွားခဲ့ပြီ။ နိုင်ငံ့အရေး ကိုယ့်အရေး ဖြစ်လာခဲ့ပြီဆိုသည်ကို မမေ့မလျော့ သတိချပ်၍ ကောင်းစွာအားထုတ် မှန်ကန်စွာ လုပ်ဆောင်နိုင်ကြပါစေကြောင်း။ ။
မြန်မာ့အလင်း