မိုးကောင်း  ၂   မေ

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကချင်ပြည်နယ် မိုးကောင်းမြို့နယ်အတွင်းရှိ မီးရထားဘူတာရုံများသို့ ဆင်းသက်သည့်ခရီးသည်များအား မေ ၁ ရက်မှစတင်ကာ ကြပ်မတ်စစ်ဆေး လျက်ရှိရာ မိုးကောင်းမြို့နယ်ပြင်ပမှ လာရောက်သူများမှာ သတ်မှတ်ထားသည့် နေရာများ၌ စောင့်ကြည့်ခံ ၂၁ ရက်ဝင်ရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမည်ဖြစ်ကြောင်း သိရသည်။

 

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်အတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မြစ်ကြီးနား–မန္တလေး မီးရထားလမ်းပိုင်းရှိ မိုးကောင်းမြို့နယ်နိမိတ်အတွင်း ဘူတာစဉ်တလျှောက် ဆင်းသက်သည့် ခရီးသည်များမှာ ဒေသခံများဖြစ်ပါက မိမိနေအိမ်တွင် Home Quarantine ၂၁ ရက် စောင့်ကြည့် နေထိုင်၍ မိုးကောင်းမြို့နယ်၏ ပြင်ပမှလာရောက်သူများမှာ သတ်မှတ်ထားသည့် Facility Quarantine Centre များတွင် စောင့်ကြည့်ခံ ၂၁ ရက် ဝင်ရောက်ရမည်ဖြစ်သည်။

 

မြစ်ကြီးနား–မန္တလေး မီးရထားလမ်းပိုင်းရှိ အမှတ်(၄၂/၄၁) အစုန်/အဆန်ရထားမှာ နေ့စဉ်ပြေးဆွဲ ပေးလျက်ရှိပြီး မီးရထားဖြင့် လိုက်ပါစီးနင်းသည့် ခရီးသည်များအနေဖြင့် နေရပ်လိပ်စာ လိမ်လည်ဖော်ပြခြင်း၊ သွားရောက်ခဲ့သည့်နေရာအား မမှန်မကန်ဖော်ပြခြင်း၊ တာဝန်ရှိသူများမှ စစ်ဆေးမေးမြန်းစဉ် ကြည်ဖြူစွာပူးပေါင်းပါဝင်ခြင်း မရှိသူများကို ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေး ဥပဒေအရ အရေးယူသွားမည်ဖြစ်ကြောင်း ကချင်ပြည်နယ် Coronavirus Disease 2019(Covid-19) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီမှ အမိန့်ထုတ်ပြန်ထားကြောင်း သိရသည်။

ဝင်းနိုင်(ကချင်မြေ)