မင်းဘူး ၂ ဧပြီ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် မင်းလှကျင်းကျေးရွာအုပ်စု လေးပင်ကျေးရွာတွင် ကျေးရွာနေပြည်သူများ သောက်သုံးရေဖူလုံစွာအသုံးပြုနိုင်စေရန် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက စက်ရေတွင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။
လေးပင်ကျေးရွာသောက်သုံးရေရရှိရေးအတွက် အနက်ပေ ၈၀ဝ ရှိ ၄ လက်မ စက်ရေတွင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၈ သန်းဖြင့် ဌာနမှအင်ဂျင်နီယာများစုဖွဲ့ကာ စက်ရေးတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါအောင်မြင်သော အောင်စေကုမ္ပဏီမှ ဧပြီလ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါစက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၈၀ အိမ်၊ လူဦးရေ ၁၆၀၆ ဦးနှင့် ကျွဲနွားတိရစ္ဆာန်များပါ သောက်သုံးရေဖူလုံစွာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
"ယင်းလေပင်ကျေးရွာသည် မင်းဘူးမြို့၏ အနောက်တောင်ဘက် ၂၀ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၃၈၀ အိမ် လူဦးရေ ၁၆၀၆ ဦးခန့်နေထိုင်ကာ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြတယ်။ ကျေးရွာမှာ စက်ရေတွင်းမရှိသည့်အတွက် ဒေသခံပြည်သူများမှ တင်ပြခဲ့၍ ယခုလိုစက်ရေတွင်း တူးဖော်ပေးရခြင်းဖြစ်ပါတယ်"ဟု မင်းဘူးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောပြ၍ သိရသည်။
သူရိန်(မင်းဘူး)