နေပြည်တော် ၂ မေ
ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်သည် ယနေ့မွန်းလွဲပိုင်းတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Video Conferencing စနစ်ဖြင့်ချိတ်ဆက်၍ ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်လျက်ရှိသော စီမံကိန်းလုပ်ငန်းများ၊ မုန်တိုင်းသတင်း သတိပေးသည့်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေသည့် လုပ်ငန်းများကို Video ဖြင့် ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လုပ်ငန်းလိုအပ်ချက်များ မှာကြားသည်။
ရှေးဦးစွာ ဧရာဝတီတိုင်းဒေသကြီး လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး(မြို့ပြ) ဦးရန်နိုင်ဇော်က ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းစီမံချက်နှင့် လက်ရှိ ကိုဗစ်-၁၉ ကာလအတွင်း ဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်နေဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ လမ်းဘေးဝဲ/ယာတွင် မိုးရာသီကာလ လမ်းသားတာဘောင် မြေပြိုမှုမရှိစေရေး Sheet Pile ရိုက်ပြီး ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ လမ်းဦးစီးဌာန အင်ဂျင်နီယာချုပ် ဦးကျော်နိုင်က ရန်ကုန်-ပုသိမ်လမ်း (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) လမ်းအဆင့်မြှင်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ရန်ကုန်-ပုသိမ်လမ်း (ဧရာဝတီတိုင်းဒေသကြီးအပိုင်း)အား အထူးအဖွဲ့(၃)ဖွဲ့၊ ခရိုင်အဖွဲ့(၂)ဖွဲ့တို့ဖြင့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများဆောင်ရွက်နေမှုနှင့် (ရန်ကုန်တိုင်းဒေသကြီးအပိုင်း) တို့ကို Video ဖြင့်ပြသမှုအား ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရန်ကုန်-ပုသိမ် လမ်းလုပ်ငန်းများ ပြီးစီးမှုနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို တွေ့မြင်ရသည့်အတွက် အထူးဝမ်းမြောက် ဂုဏ်ယူပါကြောင်း၊ ရန်ကုန်-ပုသိမ်လမ်းမကြီးသည် ပြည်သူများသွားလာရေး လွယ်ကူအဆင်ပြေစေရန်နှင့် ကုန်စည်စီးဆင်းမှုအတွက် အဓိကကျသည့် လမ်းတစ်လမ်းဖြစ်ပါကြောင်း၊ လုပ်ငန်းများသတ်မှတ်အချိန်မီ ပြီးစီးရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့လိုပါကြောင်း၊ စံချိန်စံညွှန်း အရည်အသွေးကောင်းဖို့လည်း လိုအပ်ပါကြောင်း၊ မုန်တိုင်းသတင်း သတိပေးထားသည့်အတွက် သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ထားဖို့လိုအပ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့စီမံကိန်းလုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေးအတွက် စီမံချက်ချမှတ်ဆောင်ရွက်နေသလို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ ထုတ်ပြန်ထားသော အမိန့်နှင့် ညွှန်ကြားချက်များကိုလည်း အထူးအလေးထားလိုက်နာဖို့ လိုအပ်ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်နေစဉ် ခရီးသွားပြည်သူများ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ဂရုပြု ဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ရန်ကုန်-ပုသိမ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတွင် ရန်ကုန်တိုင်းဒေသကြီး အပိုင်းမှ (၅)မိုင် (၄) ဖာလုံမှ (၁၇)မိုင် (၄)ဖာလုံထိ (၁၂)မိုင်အား (၄၈)ပေအကျယ် ကွန်ကရစ်လမ်းအဆင့် မြှင့်တင်ခြင်းဆောင်ရွက်ရာမှာ (၈၀ ဒသမ ၅) ရာခိုင်နှုန်းပြီးစီးနေပြီး ဧရာဝတီတိုင်းဒေသကြီးအပိုင်းမှာ (၁၇)မိုင် (၄)ဖာလုံ မှ (၄၁)မိုင် (၄)ဖာလုံအထိ (၂၄)မိုင်အား (၃၀)ပေအကျယ် ကွန်ကရစ်ခင်းခြင်းလုပ်ငန်းများ (၈၃)ရာခိုင်နှုန်းပြီးစီးနေပြီး စုစုပေါင်း(၃၆)မိုင်အား ကွန်ကရစ်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကို မေလအကုန်ပြီးစီးရန် လျာထားကြောင်း သိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁၆)မှ ညွှန်ကြားရေးမှူး(မြို့ပြ) ဒေါ်သစ်သစ်အောင်က ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ရေလယ်သံပေါင်ခုံးများ တပ်ဆင်နေမှု၊ ကိုဗစ်-၁၉ ကာလအတွင်း လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး ဆောင်ရွက်ချက်များ၊ စီမံကိန်းဝန်ထမ်းများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုက်နာဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူတို့သည် ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုတို့ကို Video ဖြင့် ပြသမှုအား ကြည့်ရှုစစ်ဆေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက ယခုအချိန် ကိုဗစ်-၁၉ ကာလအတွင်း တံတားကြီး၏ လုပ်ငန်းတိုးတက်မှုတို့ကို တွေ့မြင်ရသည့်အတွက် အထူးဝမ်းမြောက်ဂုတ်ယူပါကြောင်း ဆက်လက်၍ လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးအောင် ကြိုးစားဆောင်ရွက်ရန် မှာကြားလိုကြောင်း၊ ရေလယ် သံပေါင်တပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဘေးအန္တရာယ်ကင်းရှင်းရေး အထူးဂရုပြု ဆောင်ရွက်ဖို့လိုကြောင်း၊ မုန်တိုင်းသတင်း သတိပေးထားသည့်အတွက် လုပ်ငန်းခွင်အတွင်း ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ပြင်ဆင်ဆောင်ရွက်ထားဖို့လိုပါကြောင်း၊ Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့် ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် အမိန့်နှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ရန်နှင့် ပြည်သူများ၏လိုအပ်ချက်များကို တိုင်းဒေသကြီးအစိုးရ အဖွဲ့တို့၏ ညွှန်ကြားချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်တို့ကို မှာကြားသည်။
ယခုအခါ ပုသိမ်တံတားအမှတ်(၂) တည်ဆောက်ရေးလုပ်ငန်းများ တံတားတစ်စင်းလုံး (၇၈ ရာခိုင်နှုန်း) ပြီးစီးလျက်ရှိပြီး လုပ်ငန်းများ သတ်မှတ်အချိန်မီပြီးစီးရေး စီမံချက်ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။
ပုသိမ်တံတားအမှတ်(၂)သည် ငဝန်မြစ်ကိုဖြတ်ကျော်ကာ ပုသိမ်မြို့တွင်းနှင့် ငဝန်မြစ်အနောက်ဖက်ကမ်း စိန်ကုန်းလူနေရပ်ကွက်များကို တိုက်ရိုက်ဆက်သွယ် တည်ဆောက်ထားကြောင်း၊ စုစုပေါင်းတံတားအရှည် ပေ (၂၃၈၀)၊ ယာဉ်သွားလမ်းအကျယ် (၂၈)ပေ၊ လူသွားလမ်းတစ်ဖက်လျှင် (၅)ပေစီပါရှိပြီး ရေလမ်းကင်းလွတ် အကျယ် (၄၁၆)ပေ၊ အမြင့် ပေ (၆၀)ရှိ သံမဏိသံပေါင်ခုံးတံတားဖြစ်ကာ တံတား၏ခံနိုင်ဝန်မှာ HS 25 Load Class ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်


