နေပြည်တော် ၂ မေ


လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနသည် IDP စခန်းများနှင့် တိုက်ပွဲရှောင်စခန်းများတွင် နေထိုင်ကြသည့် ပြည်တွင်းနေရပ်စွန့်ခွာသူများအား ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားခြင်းမှ ကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေး လုပ်ငန်းများကို သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများနှင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။


ထိုသို့ ဆောင်ရွက်လျက်ရှိရာ မေ ၁ ရက်တွင် ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့ရှိ မဒိန် KBC ၊ ခတ်ချို အလယ်ပိုင်း(ကွက်သစ်)၊ နောင်ဟီး IDP စခန်းများသို့ သွားရောက်၍ လက်ဆေးစင်(၄)ခု၊ Infrared Thermometer (၃)ခုတို့အားလည်းကောင်း၊ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်ရှိ မိုင်းယု၊ ကုန်စုံနှင့် မိုင်းယုလေး IDP စခန်းများသို့သွားရောက်၍ လက်ဆေးစင်(၂)ခု၊ Infrared Thermometer (၂)ခုတို့အားလည်းကောင်း ထောက်ပံ့ခဲ့သည်။


အလားတူ ယနေ့တွင် ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ လီဆူနှစ်ခြင်းဘော်ဒါ IDP စခန်း နှင့် နှစ်-၂၀၀၀ IDP စခန်းများသို့သွားရောက်၍ ဗီနိုင်းပိုစတာ(၂)ခုနှင့် Infrared Thermometer (၂)ခုတို့အား ထောက်ပံ့ခဲ့သည်။ 
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ တုံ့ပြန်ရေးနှင့်ပတ်သက်၍ ထောက်ပံ့မှုလုပ်ငန်းများအပြင် အသိပညာပေးလုပ်ငန်းများ၊ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများနှင့် စိတ်ဓါတ်ရေးရာ မြှင့်တင်ပေးမှုဆိုင်ရာ လုပ်ငန်းများကို နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


သတင်းစဉ်