ဟားခါး ၃ မေ
ဟားခါးမြို့အတွင်း ယာဉ်အန္တရာယ် ကင်းရှင်းရေး၊မြို့တွင်းနေ ပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းရေး အတွက် မြို့တွင်းလမ်းများကို တိုးချဲ့ခြင်း၊ပြုပြင်ခြင်းနှင့် လမ်းအဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက် လျက်ရှိရာ ဟားခါးမြို့ ဗိုလ်ချုပ်လမ်းနှင့် ဂေါက်ကွင်းလမ်းဆုံအနီးရှိ အန္တရာယ်ရှိကွေ့နှင့် ရေမြောင်းတူးဖော်ခြင်း၊ မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်းများကို ဟားခါးခရိုင် လမ်းဦးစီးဌာနက ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
" ချင်းပြည်နယ်အစိုးရအဖွဲ့ရဲ့ ၂၀၁၉ -၂၀၂၀ ဘဏ္ဏာရေးနှစ် ခွင့်ပြုရန်ပုံငွေ ကျပ် ၈၈ သန်း နဲ့ ဟားခါးမြို့အတွင်း ဗိုလ်ချုပ်လမ်းနှင့် ဂေါက်ကွင်းလမ်းဆုံအနီး အန္တရာယ်ရှိကွေ့ရဲ့ အထက်ဘက်မှာ မြေထိန်းနံရံဆောက်လုပ်ခြင်းနဲ့ ရေမြောင်းတူးဖော်ခြင်း လုပ်ငန်းကတော့ ရာနှုံးပြည့် ပြီးသွားပါပြီ၊ အောက်ဘက်မှာ ဂေါက်ကွင်းလမ်းဘက်သွားတဲ့ လမ်းပေါ်ကို မြေပြိုမကျရအောင် အလျား ၁၉၇ မီတာ ရှိတဲ့ မြေထိန်းနံရံ ဆောက် လုပ်တာ ၉၀ ရာခိုင်နှုန်း ပြီးသွားပါပြီ "ဟု တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် ဟားခါးခရိုင် လမ်းဦးစီးဌာန မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးဉာဏ်ဖြိုးလင်းက ပြောသည်။
ဟားခါးမြို့ ဗိုလ်ချုပ်လမ်းမကြီးတစ်လျှောက်တွင် လူကူးမျဉ်းကြားများတိုးချဲ့တည်ဆောက်ခြင်း၊Slow Down များတည်ဆောက်ခြင်းနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းများ လိုက်နာဆောင်ရွက်နိုင်ရေး အသိပညာပေး ဆိုင်းဘုတ်များ တိုးချဲ့တပ်ဆင်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိရာ ၂၀၃၀ ပြည့်နှစ်တွင် ယာဉ်အန္တရာယ် လမ်းအန္တရာယ်ဖြစ်ပွားမှုများကို ယခု လက်ရှိထက် (၅၀) ရာခိုင်နှုန်း လျှော့ချနိုင်ရေး ရည်ရွယ်ချက်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လုပ်ငန်းလိုင်စင်နှင့် သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှာဌာန ပြည်နယ်ဦးစီးမှူးဦးစောမြင့်လွင်ထံမှ သိရသည်။
ထို့အပြင် မြို့အတွင်းရှိ ယာဉ်အန္တရာယ်ရှိနိုင်သောနေရာများကို ပူးပေါင်းအဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေး ကြည့်ရှုပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြင့်နိုင်စိုး (ပြန် ဆက်)


