ဂန့်ဂေါ ၃ မေ
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးထိန်းချုပ်သည့် ကာလတွင် ဂန့်ဂေါမြို့၏ လူမှုအသင်းအဖွဲ့ တစ်ခုဖြစ်သည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု လူငယ်အဖွဲ့ဝင် ၃ ဦးတို့က မြို့ပေါ် ရပ်ကွက်များနှင့် မြို့နှင့် ၅ မိုင် ပတ်လည်ရှိကျေးရွာများသို့ စားသောက်ကုန်များ၊ ဆေးနှင့် ဆက်စပ် ပစ္စည်းများကိုဝယ်ယူ၍ အိမ်တိုင်ရာရောက်ပေးပို့သည့်စနစ်ဖြင့် ပြည်သူများအား အကျိုးဆောင် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ " ကျွန်တော်တို့ အခုလိုပြည်သူ့ အကျိုးဆောင်ရွက်ပေးနေတာ ဧပြီလ ၂၉ ရက်နေ့မှစတင်ပြီး ဆောင်ရွက်ပေးနေပါတယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်တဲ့ ကာလတွင် ပြည်သူများက အိမ်အပြင်ကိုမထွက်ဘဲ Stay Home အေးအေးဆေးဆေးနေနိုင်အောင် ကျွန်တော်တို့ က အကျိုးဆောင်ပေးနေပါတယ်၊ အခမဲ့ ဆောင်ရွက်ပေးနေခြင်းဖြစ်ပါတယ်၊ တချို့အိမ်တွေက ဆိုရင် ကျွန်တော်တို့ ရေရှည်လုပ်ကိုင်ပေးနိုင်အောင်ဆိုပြီး ဆိုင်ကယ်ဆီဖိုးတွေ ထောက်ပံ့ပေးတာတွေလည်း ရှိပါတယ်၊ ကိုယ်တိုင် ပိုက်ဆံစိုက်ဝယ်ယူပြီး ဆိုင်က ဘောင်ချာနဲ့တကွ အိမ်တိုင်ရာ ရောက်ပေးပို့သည့် စနစ်ဖြင့် ပေးပို့ခြင်းဖြစ်ပါတယ်"ဟု ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြု လူငယ်အဖွဲ့ဝင် မောင်ပွင့်ကပြောသည်။
ဂန့်ဂေါမြို့နှင့် ၅ မိုင်ပတ်လည်ရှိ ကျေးရွာများက စားသောက်ကုန်များ၊ ဆေးနှင့်ဆက်စပ်ပစ္စည်း များတို့ကို ဝယ်ယူ၍ မှာယူချင်ပါက ကိုဇော်ဇော်အောင်၊ ကိုဘွေလဲထန်နှင့် မောင်ပွင့်တို့၏ ဖုန်း - ဝ၉၄၅၂၆၅၅၉၉၂ သို့ ဆက်သွယ်၍ မှာယူနိုင်ကြောင်း သိရှိရသည်။
ထင်အောင်နိုင်(ဂန့်ဂေါ)


