မင်းဘူး ၃ မေ
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မင်းဘူးမြို့နယ် မင်းလှကျင်းကျေးရွာအုပ်စု လေးပင်ကျေးရွာတွင် ကျေးရွာနေ ပြည်သူများ သောက်သုံးရေ ဖူလုံစွာအသုံးပြုနိုင်စေရန် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနက စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
လေးပင်ကျေးရွာ သောက်သုံးရေ ရရှိရေးအတွက် အနက်ပေ ၈၀ဝ ရှိ ၄ လက်မ စက်ရေတွင်း၊ အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းတို့အား ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ယခုဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေကျပ် ၂၄ ဒသမ ၈ သန်းဖြင့် ဌာနမှ အင်ဂျင်နီယာများစုဖွဲ့ကာ စက်ရေးတွင်းတူးဖော်ခြင်း လုပ်ငန်းနှင့် အလျား ၁၀ ပေ၊ အနံ ၈ ပေ၊ အမြင့် ၈ ပေရှိ ရေစက်ရုံနှင့် ဂါလန် ၅၀ဝ၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်း လုပ်ငန်းအား တင်ဒါအောင်မြင်သော အောင်စေကုမ္ပဏီမှ ဧပြီလ ၂၅ ရက်နေ့မှ စတင်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
အဆိုပါ စက်ရေတွင်းတူးဖော်ခြင်းနှင့် ဆက်စပ်လုပ်ငန်းများ ပြီးစီးပါက ကျေးရွာရှိ အိမ်ခြေ ၃၈၀ အိမ်၊ လူဦးရေ ၁၆၀၆ ဦးနှင့် ကျွဲနွားတိရစ္ဆာန်များပါ သောက်သုံးရေ ဖူလုံစွာ အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။
ယင်းလေပင် ကျေးရွာသည် မင်းဘူးမြို့၏ အနောက်တောင်ဘက် ၂၀ မိုင်ခန့်အကွာ၌ တည်ရှိပြီး အိမ်ခြေ ၃၈၀၊ လူဦးရေ ၁၆၀၆ ဦးခန့်နေထိုင်ကာ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြု နေထိုင်ကြတယ်။ ကျေးရွာမှာ စက်ရေတွင်းမရှိသည့်အတွက် ဒေသခံပြည်သူများမှ တင်ပြခဲ့၍ ယခုလိုစက်ရေတွင်း တူးဖော်ပေးရခြင်းဖြစ်ပါတယ်"ဟု မင်းဘူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဘုန်းလင်းက ပြောသည်။
သူရိန်(မင်းဘူး)


