နမ္မတူ ၃ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင် နမ္မတူမြို့နယ် သတ္တုတွင်းဝန်ကြီးဌာန အခြေခံ သတ္တုတွင်း လုပ်ငန်းခွင်သင်တန်းကျောင်းတွင် ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်သည့်အနေဖြင့် စောင့်ကြည့်ခံရသူ မြန်မာနိုင်ငံသား (၂၇)ဦးအနက် စောင့်ကြည့်ရက် (၂၁)ရက်ပြည့်မြောက်၍ ကျန်းမာရေး ကောင်းမွန်သူ (၇)ဦးအား မိမိတို့နေထိုင်ရာ အရပ်ဒေသသို့ ယနေ့နံနက်ပိုင်းက ပြန်လည်ပို့ဆောင် ပေးခဲ့ ကြောင်း သိရသည်။
ပြန်လည်ပို့ဆောင်ပေးရာတွင် နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုဆရာမများက မိမိနေထိုင်ရာဒေသသို့ ပြန်လည်ပို့ဆောင်မည့် (၇)ဦးအား အသွားအလာ ကန့်သတ်ခြင်းခံရပြီး မိမိအိမ်တွင်သာ နေထိုင်ရမည့်သူများအတွက် လမ်းညွှန်ချက်များအား ရှင်းလင်း ပြောကြားပြီး၊ (၂၁)ရက်ကြာ စောင့်ကြည့်ခြင်း၊ ကိုဗစ်-၁၉ရောဂါ ကူးစက်ခံရမှု ကင်းရှင်းကြောင်း ထောက်ခံချက်များ ပေးအပ်ခဲ့သည်။
(၂၁)ရက်ကြာ စောင့်ကြည့်ခြင်းခံရပြီးနောက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု ကင်းရှင်းကြောင်း သိရသဖြင့် နမ္မတူမြို့နယ်၊ သ.တ.လ(၂)ရပ်ကွက်မှ (၇)ဦးအား မိမိတို့နေထိုင်ရာ အရပ်ဒေသများသို့ ပြန်လည် စေလွှတ်ရာတွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ ကြီးကြပ်မှုဖြင့် မေတ္တာရှင်လူမှူရေးအသင်းမှ မော်တော်ယာဉ်ဖြင့် အိမ်အရောက်ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။
လူမော် (ပြန်/ဆက်)


