ဂန့်ဂေါ ၃ မေ
ကိုဗစ်- ၁၉ ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းဆောင်ရွက်သူများအတွက် ဂန့်ဂေါမြို့နယ် သမဝါယမ အသင်းစု လီမိတက်သည် ယမန်နေ့က ထမင်းဘူး၊ ဟင်းလျာများ၊ ရေသန့်ဘူးများ ဖြန့်ဝေ ပေးပို့ ထောက်ပံ့ကြောင်း သိရသည်။
လုပ်ငန်းဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ “ ဂန့်ဂေါမြို့နယ် မြို့မရပ်ကွက် နဲ့ ရှုံးရှီ၊ ဇာဟော၊ ဘော်ပြင်း၊ ကန်၊ ကန်သာ၊ မွှေ့လယ်၊ စတဲ့ကျေးရွာတွေမှာ သတ်မှတ်နေရာ၌ အသွားအလာကန့်သတ်ထားရှိတဲ့ ပြည်သူ ၈၅ ဦးအတွက် ထမင်းဘူး၊ ဟင်းလျာများ၊ ရေသန့်ဘူးများကို အသင်းစုလီမိတက် ဒါရိုက်တာ အဖွဲ့ဝင်များ ကိုယ်တိုင် သွားရောက်ပေးပို့ ထောက်ပံ့တာပါ၊ ” ဟု မြို့နယ်သမဝါယမအသင်းစုလီမိတက် ဒါရိုက်တာအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွေးက ပြောသည်။
ထို့ပြင် အဆိုပါ အဖွဲ့သည် လုပ်ငန်းကြီးကြပ်သူ ၂၂ ဦး၊ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် စောင့်ကြပ် လျက်ရှိသည့် ဂိတ် ၁၀ ခုရှိ တာဝန်ကျသူများအတွက်လည်း ထောက်ပံ့ပေးပို့သည့်အပြင် ယမန်နေ့က ဂန့်ဂေါမြို့ ပေါ်ရပ်ကွက်များ၌ ပိုးသတ်ဆေးဖျန်းသူ ၇ ဦးအတွက်ပါ ထမင်းဘူး၊ ဟင်းလျာများ၊ ရေသန့်ဘူးများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
တောင်သားမောင်သန်း


